News

POST TYPE

LOCAL

အမျိုးသမီးများအား ဘုရားကျောင်းဝင်ခွင့် ပိတ်ပင်ထားမှုကို အိန္ဒိယအထက်ခုံရုံး ပယ်ဖျက်
30-Sep-2018


ဒေလီစက်တင်ဘာ ၂၉

ဟိန္ဒူဘာသာဝင်များကိုးကွယ်သော ဆာဘရီမာလာဘုရားကျောင်းသို့ အမျိုးသမီးများ ဝင်ရောက်ခြင်းကို ပိတ်ပင်တော့မည်မဟုတ်ကြောင်း အိန္ဒိယအထက်ခုံရုံးက ဆုံးဖြတ်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ကာရာလာပြည်နယ်ရှိ ဘုရားကျောင်းသည် အသက် ၁၀ မှ ၅၀ နှစ်အကြား အမျိုးသမီးများကို ဓမ္မတာသွေးဆင်းသည့်အရွယ်ဟု သတ်မှတ်ကာ ဝင်ခွင့်ပိတ်ပင်ထားသည်။ ဟိန္ဒူအယူအရ ၎င်းတို့သည် သန့်စင်ခြင်းမရှိဟု ယူဆကာဘာသာရေး အထွတ်အမြတ်နေရာများသို့ ဝင်ခွင့်ပိတ်ပင်ခံရခြင်းဖြစ်သည်။

အဆိုပါဓလေ့သည် ကျား/မ တန်းတူညီမျှရေးကို ချိုးဖောက်နေသည်ဟု အယူခံဝင် လျှောက်လဲမှုအပြီးတွင် ခုံရုံးကယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဟိန္ဒူဘုရားကျောင်းအများစုသည် အမျိုးသမီးများအား ဓမ္မတာသွေးဆင်းနေသည့် အချိန်မဟုတ်လျှင် ဝင်ခွင့်ပြုထားကြသော်လည်း ဆာဘရီနာဘုရားကျောင်းကမူ ဓမ္မတာရာသီလာသည့် အသက်အရွယ်အားလုံးကို သိမ်းကျုံးသတ်မှတ်ကာဝင်ခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

“ကိုးကွယ်မှုအယူသည် ဂုဏ်သိက္ခာဆိုင်ရာနှင့် စရိုက်လက္ခဏာဆိုင်ရာ တန်ဖိုးများရှိသူအတွက်ဖြစ်သည်။ ကိုးကွယ်မှုအယူ ကျင့်သုံးခွင့်သည် အမျိုးသားများနှင့် အမျိုးသမီးများ နှစ်မျိုးစလုံးအတွက် ရပိုင်ခွင့်ရှိသည်” ဟု တရားသူကြီး မစ်ဆရာက ပြောကြားသည်။

အနားယူရန် နီးကပ်နေသော တရားသူကြီးမစ်ဆရာသည် အရွယ်ရောက်သူများ၏ လိင်ကိစ္စနှင့် လိင်တူကိစ္စများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်သော ကိုလိုနီခေတ် ဥပဒေများကို ဆန့်ကျင်ဆုံးဖြတ်ခြင်းအပါအဝင် သမိုင်းဝင်မည့် လစ်ဘရယ်ဆန်ဆန် ဆုံးဖြတ်ချက်များကို မကြာသေးမီ ရက်များအတွင်း ချမှတ်ခဲ့သည်။

အင်္ဂါနေ့တွင် အနားယူတော့မည့် မစ်ဆရာသည် တရားသူကြီးငါးဦးအဖွဲ့ကို ဦးဆောင်ကာ ၄-၁ မဲဖြင့် အဆိုပါ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဖြစ်သည်။ တရားသူကြီးအဖွဲ့တွင် တစ်ဦးတည်းသော အမျိုးသမီးဖြစ်သူ အင်ဒူမာဟိုထရာက အများဆန္ဒကို ကွဲလွဲကာ ကန့်ကွက်မဲပေးခဲ့သည်။

“ဘာသာရေးအယူအဆတွေကို တရားရုံးက ဝင်ရောက်စွတ်ဖက်တာမျိုး မရှိသင့်ဘူး။ ဘာသာရေးကိစ္စတွေမှာ တရားမျှတမှု သဘောတရားတွေနဲ့ တောင်းဆိုလို့ မရပါဘူး”ဟု သူမက သဘောထားပေးသည်။

အိန္ဒိယတွင် အထက်ခုံရုံးတရား သူကြီးတစ်ဦးလျှင် သက်တမ်းလေးနှစ်မှ ခြောက်နှစ်ကာလအတွင်းအမှုပေါင်း ၆၀၀၀ ခန့် ကြားနာစစ်ဆေးရသည်ဟု သိရှိရသည်။

အိန္ဒိယဘုရားကျောင်းများသည် အမျိုးသမီးများကို ရာစုနှစ်များစွာ နှိမ်ထားခဲ့သော်လည်း မကြာသေးမီနှစ်များအတွင်း အမျိုးသမီးအရေး လှုပ်ရှားသူများ၏ မကြုံစဖူးစိန်ခေါ်မှုများနှင့် ရင်ဆိုင်လာကြရသည်။

F-04


  • VIA