News

POST TYPE

LOCAL

ကနီတွင် တိုက်နယ်ဆရာဝန်မပြောင်းရွှေ့စေရေး လက်မှတ်ရေးထိုးပြီး တိုင်းအစိုးရထံစာတင်
30-Sep-2018

မုံရွာ၊ စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ကင်းတိုက်နယ်ဆေးရုံမှ တိုက်နယ်ဆရာဝန် ဒေါက်တာအေးအေးဝင်း မပြောင်းရွှေ့စေလိုရေးအတွက် ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့မှ ဒေသခံများက စုပေါင်း လက်မှတ်ရေးထိုးကာ တိုင်းအစိုးရအဖွဲ့ထံစာတင်ထားကြောင်း ကနီမြို့၊ အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

ကင်းရွာတိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာအေးအေးဝင်းသည် ၂ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးချိန်တွင် ၎င်း၏သဘောဆန္ဒအရ ရွှေဘိုမြို့သို့ ပြောင်းရွှေ့ရန်စာတင်ထားကြောင်း၊ လက်ရှိဒေသမှာ လမ်းပန်းဆက်သွယ်ရေး မကောင်းသဖြင့် ကုသမှုထူးချွန်သည့် အမျိုးသမီးဆရာဝန်ကို မပြောင်းရွှေ့စေလိုသဖြင့် မင်းကင်းမြို့နယ်နှင့် ကနီမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာခန့်မှ ဒေသခံများ၏ လက်မှတ်များကောက်ယူကာ တိုင်းအစိုးရ လူမှုရေးဝန်ကြီးထံ စက်တင်ဘာလ ၂၅ ရက်နေ့တွင် စာတင်ထားကြောင်း ပါဟဲကျေးရွာမှ ဦးအေးမြင့်က ပြောကြားသည်။

“ဒီဆရာဝန်ကိုပဲ အားကိုးနေရပါတယ်။ ကနီတင်မကဘူး။ မင်းကင်းမြို့က နယ်ဘက်ကရွာတွေကလည်း လာကုသနေရတော့ ဆရာဝန်ကို မပြောင်းစေချင်ကြဘူး။ လူပေါင်း ၃၄၆၁ ဦးရဲ့ လက်မှတ်တွေကောက်ယူပြီး တိုင်းအစိုးရထံ တင်ပြထားပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ချင်းတွင်းမြစ်ကမ်းဘေးတွင်တည်ရှိပြီး ကုန်းလမ်းဆက်သွယ်ရေး မကောင်းသဖြင့် မြို့သို့သွားရန်စက်လှေနှင့် မော်တော်များကိုသာ အားကိုးရသည့် ကင်းတိုက်နယ်တွင် ခွဲစိတ်ကုသမှုများကို ထူးထူးချွန်ချွန် လုပ်ဆောင်နိုင်သည့် တိုက်နယ်ဆရာဝန် ဒေါ်အေးအေးဝင်းကို အခြားမြို့သို့ မပြောင်းရွှေ့စေလိုသဖြင့် လက်မှတ်ရေးထိုးကာ စာတင်ထားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

R-08