News

POST TYPE

LOCAL

မိတ္ထီလာတွင် လျှပ်စစ်မီးသွယ်တန်းရေးကိစ္စဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်၊ ရဲအရာရှိအပါအဝင် သုံးဦးဒဏ်ရာရ
30-Sep-2018


မိတ္ထီလာ၊ စက်တင်ဘာ ၂၉

မိတ္ထီလာမြို့နယ် မြာကျေးရွာတွင် စက်တင်ဘာလ ၂၉ ရက်နေ့နံနက်ပိုင်းက လျှပ်စစ်မီးသွယ်တန်းရေးကိစ္စဖြင့် ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ရဲအရာရှိတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရရှိသွားခဲ့သည်။

မြာကျေးရွာရှိ လျှပ်စစ်ဓာတ်အားလိုင်းမှနေ၍ အခြားရွာများသို့ ဆင့်ပွားသွယ်တန်းပေးရန် ဒေသအာဏာပိုင်များက စီစဉ်ခဲ့ရာမှ ရဲတပ်ဖွဲ့ဝင်အင်အားတစ်ရာခန့်နှင့် ကျေးရွာလူထုကြား အခြေအနေတင်းမာကာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

“၂၀၁၄ မှာ မဟာဓာတ်အားလိုင်းက နေရွာအထိ တိုင်၊ ကြိုး၊ ထရန်စဖော်မာ ရောဆို (ကျပ်) သိန်း ၆၆၀ အကုန်ခံပြီး ကိုယ်ထူကိုယ်ထလုပ်ခဲ့တာ။ ရွာကလူတွေအနေနဲ့ သူတို့ရင်းနှီးထားတာကို ဒီအတိုင်းကြီးပေးရမှာကို အချည်းအနှီးအဖြစ်မခံချင်တာပါ။ ဆွဲမှာက ရေဝေနဲ့တဲကြီးကုန်းကို ဆွဲမှာပါ။ ဝန်ကြီး (တိုင်း) အမိန့်စာနဲ့ သူတို့က လုပ်သွားတဲ့သဘောပါ” ဟု မြာကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမျိုးက ပြောကြားသည်။ 

ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်အတွင်း မြာကျေးရွာမှ အသက် ၃၈ နှစ်အရွယ် ဒေါ်မိုးခိုင်မှာ လူအုပ်အတွင်းလဲကျကာ သတိလစ်သွားသဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ဒေသခံဦးနိုင်ဝင်းအောင်က ပြောဆိုသည်။

“သူတို့ရွာချင်း မီးရဖို့ သိန်းခြောက်ဆယ်စီစုကြမယ်ဆိုပြီးတော့ လုပ်ထားတယ်လို့သိရတယ်။ မြာကိုတော့ မီးရောက်ပါပြီ။ ရေဝေက ကပ်လျက်ပါ၊ အဲဒါကို အဆွဲမခံတာ။ သိန်းခြောက်ဆယ်မရရင် အဆွဲမခံဘူးဆိုတဲ့သဘောပေါ့။ ကျွန်တော်တို့က လုပ်ငန်းဖြစ်မြောက်အောင် ကူညီပေးတာပါ”ဟု မိတ္ထီလာခေတ္တခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်က ပြောကြားသည်။

လျှပ်စစ်မီးသွယ်တန်းရန် ဓာတ်တိုင်သုံးတိုင်စိုက်ပြီးချိန်တွင် နောက်ထပ်နှစ်တိုင်စိုက်ရမည့်နေရာသည် လမ်းကျဉ်း၍ ရှင်းလင်းစဉ် ဒေသခံများက အဝင်မခံသဖြင့် အစိုးရ၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း မေတ္တာရပ်ခံခဲ့ကြောင်း၊ ထိုသို့ရှင်းပြသည်ကိုလက်မခံဘဲ ဒေသခံများက တုတ်များ၊ ခဲများဖြင့် ပစ်ပေါက်သဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲမေတစ်ဦးတို့၏မျက်နှာတွင် အုတ်ခဲထိမှန် ဒဏ်ရာရခဲ့ကြောင်း၊ သို့ဖြစ်၍ အဓိကရုဏ်းသုံး သေနတ်ပစ်ဖောက်လူစုခွဲခဲ့ရပြီး လုံခြုံရေးယူခဲ့ရကြောင်း ၎င်းကရှင်းပြသည်။ 

မဟာဓာတ်အားလိုင်းမှ မိတ္ထီလာမြို့နယ် မြာကျေးရွာသို့ ကျပ်သိန်း ၆၀၀ အကုန်အကျခံကာ ကိုယ်ထူကိုယ်ထသွယ်တန်းထားသော လျှပ်စစ်ကြိုးကို အခြားရွာများသို့ ဆင့်ပွားပေးမည့်ကိစ္စနှင့်ပတ်သက်၍ ယခုကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ 

ယင်းသို့ ရဲတပ်ဖွဲ့က လုံခြုံရေးယူခဲ့ပြီးနောက် မွန်းလွဲ ၂ နာရီခန့်အချိန်တွင် ရဲတပ်ဖွဲ့ဝင်များအပါအဝင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပြန်သွားခဲ့ကြောင်း မြာကျေးရွာဒေသခံများထံမှ သိရသည်။

R-01