News

POST TYPE

LOCAL

ဈေးမှ ငါးပိဝယ်မလာသည့်ကိစ္စဖြင့် စကားများပြီး လူသတ်မှုဖြစ်
23-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၂၂ 

ကော့မှူးမြို့နယ်၊ ဇီးကုန်းကျေးရွာ၊ ဗိုလ်ချုပ်လမ်းဘေးရှိ စတိုးဆိုင်တစ်ဆိုင်တွင် စက်တင်ဘာလ ၂၁ ရက် နံနက် ၈ နာရီခန့်က ဈေးမှ ငါးပိဝယ်မလာသည့် ကိစ္စဖြင့် စကားများရန်ဖြစ်ပြီး လူသတ်မှုဖြစ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင်နေထိုင်သူ အသက် ၁၇ နှစ် အရွယ် ယောကျာ်းလေးသည် ယင်းနေ့က ကော့မှူးဈေးတွင် ဈေးသွားဝယ်ပြီး အလုပ်လုပ်နေသည့် စတိုးဆိုင်သို့ ပြန်လာရာ ငါးပိ ဝယ်မလာမိသည့်ကိစ္စနှင့် ပတ်သက်၍ ဆိုင်တွင် အလုပ်အတူတူလုပ်ကိုင်သူ ကျော်ထက်အောင် (ခ) ဇော်ထက်အောင်နှင့် စကားများရန်ဖြစ်ခဲ့ကြောင်း၊ ဈေးဝယ်သွားခဲ့သူက ပိတ်စညှပ်ရာတွင် အသုံးပြုသည့် ကတ်ကြေးဖြင့် ကျော်ထက်အောင်၏ လည်ပင်းကို ထိုးသွင်းခဲ့ပြီး အရိုးအသွား ၇ လက်မခန့်ရှိ ကြက်သွန်လှီးဓားနှင့် ဝမ်းဗိုက်ကို ထပ်မံထိုးသွင်းခဲ့ကြောင်း၊ ကျော်ထက်အောင်ကလည်း ၎င်းဝမ်းဗိုက်တွင် ထိုးထားသည့် ဓားကို ပြန်ဆွဲနုတ်ယူပြီး အဆိုပါယောကျာ်းလေးကို ပြန်ယမ်းခုတ်ခဲ့ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“စတိုးဆိုင်မှာ အတူတူလုပ်နေကြတာ။ တခြားအလုပ်သမားတွေလည်းရှိတယ်။ ပထမ ကတ်ကြေးနဲ့ထိုးလို့ ဝိုင်းဆွဲကြပေမယ့် စတိုးဆိုင်မှာရောင်းတဲ့ ဓားနဲ့ ထပ်ထိုးခဲ့တာပါ၊ တစ်ယောက်က ဒဏ်ရာရပေမယ့် တစ်ယောက်ကတော့ သေသွားတယ်”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ ဓားထိုးခံရသူ အသက် ၁၈ နှစ်အရွယ် ကျော်ထက်အောင် (ခ)ဇော်ထက်အောင်မှာ လည်ပင်းဘယ်ဘက်ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် ယင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့ပြီး ကျော်ထက်အောင်၏ ဓားပြန်ယမ်းချက်ထိခိုက်မှုကြောင့် အဆိုပါ ၁၇ နှစ်အရွယ် ယောကျာ်းလေးတွင် ဘယ်လက်ဖဝါး ပြတ်ရှဒဏ်ရာတစ်ချက်၊ ကျောကုန်းဘက်ခြမ်း ပြတ်ရှဒဏ်ရာတစ်ချက်နှင့် ဘယ်ခါးစောင်းပြတ်ရှဒဏ်ရာတစ်ချက်တို့ရရှိကာ ယင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရသည်။ 

ယင်းလူသတ်မှုနှင့် ပတ်သက်ပြီး ကော့မှူးမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။

J-16