News

POST TYPE

LOCAL

ကျိုက်ထီးရိုးဂေါပကအဖွဲ့ လူဟောင်းထက်ဝက်ကျော် ပြန်ရွေးခံရ
18-Sep-2018


မော်လမြိုင်၊ စက်တင်ဘာ ၁၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီ၏ ဂေါပကအသစ်ရွေးချယ်ပွဲကို စက်တင်ဘာလ ၁၆ ရက်နေ့က လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့ရာ ယခင်ဂေါပကအဖွဲ့ဝင်ဟောင်း ထက်ဝက်ကျော် ပြန်ရွေးခံရကြောင်း ကျိုက်ထီးရိုးဂေါပကရွေးချယ်ရေးအဖွဲ့ထံမှ သိရသည်။

“ယာယီဂေါပကအဖွဲ့အထဲက တစ်ယောက်မှအရွေးခံတာမရှိဘူး၊ ဒီအရင် ဂေါပကအဖွဲ့ဟောင်းက ခုနစ်ဦးအရွေးခံရတယ်၊ လူသစ်သုံးဦးပါတယ်” ဟု ဂေါပက ရွေးချယ်ရေးအဖွဲ့မှ ဦးကျော်ဝင်းလှိုင်က ပြောကြားသည်။

ယခုရွေးချယ်လိုက်သည့် ဂေါပကအဖွဲ့ဝင် ၁၀ ဦးကို နှစ်ရက်အတွင်း ပြည်ထောင်စုအစိုးရထံ အစီရင်ခံတင်ပြမည်ဖြစ်ကြောင်း၊ ရွေးချယ်ခံရသူ ၁၀ ဦးကို ပြည်ထောင်စုအစိုးရက တိုက်ရိုက်ခန့်အပ်စာ ပြန်လည်ပေးပို့လာမည်ဖြစ်ကြောင်း၊ ပြည်သူများရွေးချယ်ထားသည့် ၁၀ ဦး အပြင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့တို့မှ ငါးဦးနှင့်ပူးပေါင်းကာ ကျိုက်ထီးရိုး ဂေါပကအဖွဲ့ကို ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိရွေးချယ်ထားသည့် ၁၀ ဦး အနက် ဂေါပကအဖွဲ့ဝင်ဟောင်းများဖြစ်သည့် ဦးသိန်းဇော်၊ ဦးသန်းဝင်း၊ ဦးထွန်း ငြိမ်း၊ ဦးယူဆွေ၊ ဦးတင်လှ၊ ဦးဌေးညွန့်နှင့် ဦးတင်စိုးတို့ရွေးချယ်ခံရပြီးလူသစ်သုံးဦးမှာ ဦးထွန်းမြင့်၊ ဦးကျင်ထွန်းနှင့် ဦးဉာဌ်တင်တို့ဖြစ်ကြောင်း၊ ၎င်းတို့အနက် ဦးထွန်းမြင့်မှာ ၄၄၁ မဲဖြင့် မဲအများဆုံးရရှိခဲ့ကြောင်း ရွေးချယ်ရေးအဖွဲ့မှတ်တမ်းအရ သိရသည်။

ဂေါပကရွေးချယ်မှုကို လျှို့ဝှက်မဲစနစ်ဖြင့် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၆ နာရီမှ ညနေ ၆ နာရီ အထိ ကျိုက်ထိုမြို့ သာသနာ့ဗိမာန်တွင် ကျင်းပခဲ့ရာ မဲဆန္ဒရှင် ၂၆၃၅ ဦး ထည့်ဝင်ခဲ့သဖြင့် မဲပေးခွင့်ရှိသူများအနက် ၇၈ ဒသမ ၇၂ ရာခိုင်နှုန်း မဲထည့်ခဲ့ကြောင်း ဖော်ပြထားသည်။

“ရန်ပုံငွေကိုတော့ အစိုးရက ခန့်အပ်လွှာပေးပို့တာနဲ့ လွှဲပေးမှာပါ။ တာဝန်ခွဲဝေမှုအပိုင်းကတော့ သူတို့အချင်းချင်း ပြန်ရွေးမလား၊ အစိုးရက တိုက်ရိုက်ရွေးမလားဆိုတာ ကျွန်တော်တို့မပြောနိုင်ပါဘူး။ ဒါပေမဲ့ ရန်ပုံငွေလွှဲအပ်မှုကိုတော့ ဒီလမကုန်ခင် ဒါမှမဟုတ် နောက်လဆန်းမှာ လွဲအပ်ဖြစ်မှာပါ” ဟု ဂေါပကရွေးချယ်ရေးအဖွဲ့ဝင် ဦကျော်ဝင်းလှိုင်က ထပ်မံပြောဆိုသည်။

ကျိုက်ထီးရိုး ဂေါပကအဖွဲ့ကို ယခုအစိုးရသက်တမ်းတွင် ယာယီဂေါပကအဖွဲ့အနေနှင့် ဖွဲ့စည်းခဲ့ပြီး ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ ဂေါပကအသစ်ကို ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ကျိုက်ထီးရိုးယာယီဂေါပက၏ ၂ နှစ် တာသက်တမ်းတွင် ရန်ပုံငွေကျပ်သိန်း ၉၃,၀၀၀ ကျော်အထိဖြစ်လာကြောင်း၊ ယာယီဂေါပကသို့ လွဲပြောင်းစဉ်က ရန်ပုံငွေ ကျပ်သိန်း ၁၆,၀၀၀ သာရှိသဖြင့် ကျပ်သိန်း ရှစ်သောင်းခန့်တိုးလာကြောင်း ကျိုက်ထီးရိုးဂေါပကအဖွဲ့ယာယီထံမှ သိရသည်။

R-21