News

POST TYPE

LOCAL

ဖာပွန်တွင် တိုက်ပွဲများမှ စစ်ဘေးရှောင် ၂၅၀ ကျော် မြိုင်ကြီးငူသို့ လာရောက်ခိုလှုံ
16-Sep-2018
ဘားအံ၊ စက်တင်ဘာ ၁၅

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကန်ညီနောင်ကျေးရွာအုပ်စုအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ (၅) တပ်ဖွဲ့နှင့် တပ်မတော်တို့ နှစ်ဖက်ပစ်ခတ်မှုများကြောင့် ဒေသခံ ၂၅၀ ကျော် မြိုင်ကြီးငူသို့ လာရောက်ခိုလှုံလျက်ရှိသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသည့်အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ဩဂုတ်လ ၂၈ ရက်ကစတင်ဖြစ်ပွားခဲ့သော ယင်းတိုက်ပွဲကြောင့် ကမမောင်းမြို့နယ်မှတစ်ဆင့် မြိုင်ကြီးငူဒေသသို့ စစ်ဘေးရှောင်လာကြခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။

“ကန်ညီနောင်-ပုဇွန်မြောင်းဘက်မှာ တိုက်ပွဲတွေပြန်ဖြစ်နေတယ်။ လက်နက်ကြီးပစ်သံတွေ မိုင်းကွဲတာတွေ မြိုင်ကြီးငူဘက်ကမ်းက ကြားနေရတယ်။ စက်တင်ဘာ ၁၊၂၊၃ ရက်တွေမှာ ရွာသားတွေ တော်တော်များများ မြိုင်ကြီးငူဘက်ခြမ်းကို ကူးလာကြတယ်။ သူတို့တွေက မြိုင်ကြီးငူ စစ်ရှောင်စခန်းတော့ လာမနေဘူး။ အမျိုးတွေ၊ အသိအိမ်တွေမှာ ခဏလာရှောင်နေကြတော့ စခန်းက ရိက္ခာတော့ ထောက်ပံ့ပေးနေရတယ်”ဟု တိုက်ပွဲရှောင်လာသူများကို ကူညီနေသူ မြိုင်ကြီးငူဒေသခံ နော်မူးမူးက ပြောကြားသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအား စားနပ်ရိက္ခာများခွဲဝေပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် စောင့်ရှောက်ကုသမှုများကို မြိုင်ကြီးငူအထူးဒေသရှိ သူနာပြုအဖွဲ့များက ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် စာရင်းကောက်ယူမှုများ လုပ်ဆောင်နေရကြောင်း၊ စက်တင်ဘာ ၁၀ ရက်နောက်ပိုင်းတွင် တိုက်ပွဲများ ပြန်ငြိမ်သွားကြောင်း ၎င်းက ရှင်းပြသည်။

“စစ်တပ်ကတော့ ရွာသားတွေ အေးအေးဆေးဆေးနေလို့ရတယ် ရွာပြန်လာပါပြောပေမယ့် ကျွန်တော်တို့မပြန်ရဲဘူး၊ ပေါ်တာအဆွဲခံရမှာကိုလည်း စိုးတယ်။ အစိုးရစစ်ကြောင်းက အင်အားတိုးလာတာတွေ တွေ့ရတယ်၊ ကမမောင်း-ဝါးပိုး တောလမ်းပိုင်းဘက်ကနေ စစ်ကားတွေနဲ့ ဝင်လာကြတာ”ဟု စစ်ဘေးရှောင် စခန်းသို့ ရောက်ရှိနေသူ ကန်ညီနောင်ရွာသား စောသာခွီက ပြောကြားသည်။

ကန်ညီနောင်ကျေးရွာ၊ နို့ထကျေးရွာ၊ အိမ်ကုန်းကျေးရွာနှင့် မိဇိုင်းတောင်၊ ဖာပွန်မြို့အထက်ပိုင်း ဒေသကျေးရွာများအတွင်း လှုပ်ရှားနေသော KNU တပ်မဟာ ၅ တပ်ရင်း ၁၀၂ တပ်ဖွဲ့များ၏ နယ်မြေအတွင်းသို့ တပ်မတော်ဘက်က ကျော်လွန်ဝင်ရောက်လာသည့်အတွက် ပစ်ခတ်ဟန့်တားသည့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဩဂုတ်လ ၂၉ ရက်နေ့က တပ်မတော်ဘက်သို့ KNU ဘက်က ကန့်ကွက်စာ ပို့ထားကြောင်း တပ်မဟာ ၅ စစ်ရေးတာဝန်ခံ စောကလယ်ဒိုထံမှ စုံစမ်းသိရှိရသည်။ 

R-17



  • VIA