News

POST TYPE

LOCAL

ကျိုက်ထိုဟိုတယ် အခန်းတို့ချဲ့ဆောက်လုပ်မှု တားမြစ်
16-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၁၅

ဆံတော်ရှင် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ကျိုက်ထိုဟိုတယ်တွင် အခန်းသစ်ပြင်ဆင်ဆောက်လုပ်မှုကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စက်တင်ဘာလ ၅ ရက် ရက်စွဲဖြင့် တားမြစ်ကန့်ကွက်စာကို ယခုလ ၁၀ ရက်တွင် လက်ခံရရှိသောကြောင့် လုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားကြောင်း ကျိုက်ထိုဟိုတယ်လုပ်ငန်းမှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကျော်ဝင်းက ပြောကြားသည်။

“ဒီဟိုတယ်ကလည်း ဟိုတယ်ခရီးဝန်ကြီးဌာနရဲ့ ဂရန်အမည်ပေါက်ဖြစ်နေတော့ နိုင်ငံပိုင်ဟိုတယ်လည်းဖြစ်တယ်။ ပြီးတော့ ရင်ပြင်တော်နဲ့လည်း အလှမ်းကွာဝေးတယ်။ ဒါကြောင့် ဆရာတော်တွေရဲ့ ဩဝါဒခံယူရမယ်ဆိုတာကို သဘောရိုးနဲ့ မသိခဲ့ဘူး။ ဒါကြောင့် ဆရာတော်တွေကို တောင်းပန်ဝန်ချဖို့ စီစဉ်ထားတယ်” ဟု ၎င်းက ဆိုသည်။

ဟိုတယ်အခန်းအရေအတွက် ပြင်ဆင်တိုးချဲ့ရန် ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုမိန့် ၀၀၆/ ၂၀၁၇ ဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ထပ်မံတိုးချဲ့မည့်အဆောင်များမှာ ပေ ၃၀ ထက်မပိုသော အဆောင် ၈ ခုဖြစ်ပြီး ဟိုတယ်၏ အခန်းစုစုပေါင်းမှာ ၃၀၁ ခန်း ရှိလာမည်ဖြစ်ကြောင်း ဦးကျော်ဝင်းထံမှ သိရသည်။

“လွန်ခဲ့တဲ့ ဆယ်ရက်လောက်က ကန့်ကွက်ကြောင်း စာပို့ထားတယ်။ ဂေါပကနဲ့ ဩဝါဒစရိယဆရာတော်တွေ မသိဘဲ ဆောက်တဲ့အတွက် မဆောက်ဖို့ ကန့်ကွက်ထားတာပါ” ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဆိုသည်။

ကျိုက်ထိုဟိုတယ် တိုးချဲ့ဆောက်လုပ်မှုများအတွက် တိုင်ကြားမှုများရှိခဲ့သောကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ စေခိုင်းချက်အရ ဝင်ရောက်စစ်ဆေးခဲ့ရာတွင် တည်ဆောက်မည့်ပုံစံနှင့် စာရင်းများကို တောင်းဆိုခဲ့သော်လည်း ကျိုက်ထိုဟိုတယ်မှ တရားဝင်အထောက်အထားများ တင်ပြခဲ့ခြင်းမရှိကြောင်း ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

“အဆောင်တိုးချဲ့တာက MIC ကို တင်ပြထားပြီး၊ ခွင့်ပြုမိန့်မှာလည်း တိုးချဲ့ဖို့ ပါပြီးသားပါ။ လက်ရှိအဆောက်အအုံ ဆောက်တာနဲ့ပတ်သက်ပြီး ဆရာတော်တွေကို မလျှောက်ခဲ့တာမို့ ကျိုက်ထိုဟိုတယ်က ညှိနှိုင်းဖို့လုပ်နေတယ်လို့တော့ သိရတယ်။ ကျွန်တော်တို့ကတော့ ကိုယ့်ဟိုတယ်ဖြစ်တော့ နှစ်ဖက်အဆင်ပြေအောင် ကြားဝင်ညှိနှိုင်းပေးဖို့တော့ ရှိပါတယ်” ဟု ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုဌာနခွဲ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က ဆိုသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ တော်ပရိဝုဏ်အတွင်း အမြင့်ပေ ၃၀ နှင့် အထက်အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို ကန့်သတ်ထားသည်။

၂၀၁၇ ခုနှစ်အတွင်း ကျိုက်ထိုဟိုတယ် ပြင်ဆင်ဆောက်လုပ်နေမှုနှင့်ပတ်သက်ပြီး ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် ပြည်ထောင်စုအစိုးရက မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စသုံးလုံးအဖွဲ့ကို စစ်ဆေးခိုင်းခဲ့ဖူးသည်။

J-14