News

POST TYPE

LOCAL

ယောက်ဖချင်းစကားများရာမှ ရဲတင်းနှင့်ခုတ်သဖြင့် တစ်ဦးသေဆုံး
13-Sep-2018

ဇီးကုန်း၊ စက်တင်ဘာ ၁၂ 

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် သရက်တောကျေးရွာတွင် စက်တင်ဘာ ၁၁ ရက်နေ့ ည ၁၂ နာရီခန့်က ယောက်ဖချင်း စကားများရန်ဖြစ်ရာမှ ရဲတင်းနှင့်ခုတ်သဖြင့် တစ်ဦးသေဆုံးခဲ့ကြောင်း ဇီးကုန်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူမှာ အသက် ၃၆ နှစ် အရွယ်ရှိ ဦးညီညီနိုင်ဆိုသူဖြစ်ပြီး အခင်းဖြစ်ညက အရက်မူးကာ ဇနီးဖြစ်သူ ဒေါ်ဇင်မာနွယ်နှင့် စတင်စကားများခဲ့ကြောင်း၊ ဦးညီညီနိုင်အနေနှင့် မူးယစ်ရမ်းကားနေသည်ကို တစ်ခြံတည်း အတူနေသည့် ဒေါ်ဇင်မာနွယ်၏အစ်ကို ဦးထွန်းထွန်းဝင်းက လာရောက်တားမြစ်ခဲ့ကြောင်း၊ ထိုသို့ တားမြစ်မှုကို လက်မခံသောကြောင့် ဦးထွန်းထွန်းဝင်းက ရဲတင်းဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ 

ဦးညီညီနိုင်မှာ ညာဘက်ပခုံးရိုးအထိ ပြတ်ရှဒဏ်ရာရခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကာ ဦးထွန်းထွန်းဝင်းမှာမူ ထွက်ပြေးသွားခဲ့ကြောင်း ပဲခူးတိုင်းရဲတပ်ဖွဲ့ထံ တင်ပြသည့် ဇီးကုန်းမြို့မရဲစခန်း၏ ကြေးနန်းစာအရလည်း သိရသည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်ဇင်မာနွယ်၏တိုင်ကြားချက်အရ ဇီးကုန်းမြို့မ ရဲစခန်းက (ပ) ၉၁၉/ ၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပေးထားပြီး ထွက်ပြေးတိမ်းရှောင်နေသော အသက် ၃၇ နှစ်အရွယ် ထွန်းထွန်းဝင်းကို ဖမ်းဆီးရမိနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-19