News

POST TYPE

LOCAL

တာမွေဈေးမှတ်တိုင်အနီး အုပ်စုဖွဲ့လူသတ်မှုတွင် သာကေတလူမိုက်ပါဝင်
12-Sep-2018 tagged as လူသတ်မှု တာမွေ


ရန်ကုန်၊ စက်တင်ဘာ ၁၂

တာမွေဈေး မှတ်တိုင်အနီး ကျိုက္ကဆံလမ်းပေါ်တွင် ယမန်နေ့ ညပိုင်းကဖြစ်ပွားခဲ့သည့် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ဓားခုတ်လူသတ်မှုနှင့်ပတ်သက်၍ ဖမ်းဆီးအရေးယူထားသူ ရှစ်ဦးတွင် သာကေတလူမိုက်ဟုဆိုသူ ဝင်းထွဋ်ဝင်းပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“လူသတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝင်းထွဋ်ဝင်း အပါအဝင် ရှစ်ယောက်ကို မနေ့ညက ဖမ်းဆီးရမိခဲ့တယ်။ လုံခြုံရေးအရ သူတို့အဖွဲ့ကို လူစုခွဲပြီး သာကေတနဲ့ ဒဂုံတောင်မြို့နယ်က ရဲစခန်းအချုပ်ခန်းတွေမှာ ထိန်းသိမ်းထားတယ်။ လက်ရှိအမှုဖြစ်စဉ်က စစ်ဆေးနေဆဲပဲ”ဟု တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောသည်။

ဖမ်းဆီးထားသူ ရှစ်ဦးမှာ စက်တင်ဘာလ ၁၁ ရက် ည ၁၀ နာရီဝန်းကျင်က တာမွေဈေးအနီး ကျိုက္ကဆံလမ်းသို့ မော်တော်ယာဉ်သုံးစီးဖြင့်ရောက်ရှိလာ၍ ဓား၊ လှံ၊ လက်နက်များဖြင့် အမျိုးသားသုံးဦးကို ရန်ပြုတိုက်ခိုက်ခဲ့သောကြောင့် ဦးကြည်ဝင်းဆိုသူမှာ ထိုးသွင်းပြတ်ရှ ဒဏ်ရာများရခဲ့ပြီး သားမက်ဖြစ်သူ အသက် ၃၀ နှစ် ကတုံးမ (ခ) ဇော်ဟိန်းသူမှာ ခန္ဓာကိုယ်အနှံ့ ထိုးသွင်းပြတ်ရှ ဒဏ်ရာများဖြင့်သေဆုံး၍ ဆိုင်မှအလုပ်သမားဖြစ်သူ အသက် ၃၂ နှစ် ဇော်လင်းဦးတွင် ထိုးသွင်းပြတ်ရှဒဏ်ရာများ ရရှိခဲ့သည်။

“လတ်တလော အမှုက သေဆုံးသူဘက်ကပဲ ဖွင့်ထားသေးတယ်။ စုံစမ်းသိရှိရသလောက်ဆို ကြည်ဝင်းတို့ဘက်က စိန်ခေါ်လို့ ဝင်းထွဋ်ဝင်းတို့အဖွဲ့က ကားနဲ့ရောက်လာပြီး နှစ်ဖက်ဓားချင်းယှဉ်ခုတ်ကြတာ။ ဖမ်းဆီးထားသူ ရှစ်ယောက်ထဲက တစ်ယောက်မှာ ဓားခုတ်ဒဏ်ရာ ရထားလို့ ဆေးရုံတင်ထားရတယ်။ နောက်တစ်ယောက်က အသာတကြည် အဖမ်းမခံလို့ သေနတ်နဲ့ပစ်ဖမ်းခဲ့ရတာကြောင့် ဒဏ်ရာရထားတယ်။”ဟု ရဲအရာရှိကပြောသည်။

အသက် ၄၂ နှစ်အရွယ်ရှိ ဝင်းထွဋ်ဝင်းမှာ ပစိဖိတ်ဓာတ်ပုံဆိုင်ရှင် အမျိုးသားကို လမ်းမတော် ၁၀ လမ်းတွင် ဓားဖြင့်ထောက်၍ အငှားယာဉ်ပေါ် ခေါ်ဆောင်ပြီး ပြန်ပေးဆွဲခဲ့မှုတွင် တရားခံပြေးအဖြစ် ကြေညာခံရသောကြောင့် ၂၀၁၆ ခုနှစ် ဇွန်လပိုင်းက ၎င်းကိုယ်တိုင် လာရောက်အဖမ်းခံပြီး တရားရင်ဆိုင်ခဲ့ရာ ယင်းအမှုမှ တရားရှင်လွတ်မြောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

သာကေတလူမိုက်ဟု နာမည်ကြီးနေသည့် ဝင်းထွဋ်ဝင်း အပါအဝင် ရှစ်ဦးကို အခင်းဖြစ်ညမှာပင် ရဲတပ်ဖွဲ့က သာကေတ၊ ဒဂုံတောင်မြို့နယ်များတွင် ဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ်ညက အသုံးပြုခဲ့သည့် ဓား၊ လှံ၊ ပုဆိန်၊ သံလက်သီးကွင်းများနှင့် ၎င်းတို့အဖွဲ့စီးနင်းလာသော အငှားယာဉ်နှစ်စီး၊ Alphard ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းအဖွဲ့ကိုဖမ်းဆီးချိန် ထွက်ပြေးသည့်အမျိုးသားတစ်ဦးကို သာကေတအဝိုင်းအနီးတွင့် ပန့်အက်ရှင်သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း တာမွေမြို့နယ်ရဲမှူးက ပြောသည်။

အမျိုးသားတစ်ဦး သေဆုံးကာ နှစ်ဦးမှာ ထိုးသွင်းပြတ်ရှဒဏ်ရာများရခဲ့သည့် ကျိုက္ကဆံလမ်းပေါ်မှ မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်ကို တာမွေမြို့မ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၃၂၆/ ၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားပြီး ဖမ်းဆီးထားသူ ရှစ်ဦးအနက် ဒဏ်ရာရသူနှစ်ဦးကို ဆေးရုံတင်ထားသဖြင့် ကျန်ခြောက်ဦးကို တာမွေမြို့နယ် တရားရုံးသို့ ယနေ့ ညနေပိုင်းက ရုံးထုတ်ချုပ်ရမန်ယူခဲ့ရာတွင် ငါးဦးကို အချုပ်ကားဖြင့်ခေါ်ဆောင်လာပြီး ဝင်းထွဋ်ဝင်းကို Alphard အမျိုးအစား မော်တော်ယာဉ်ဖြင့် သီးသန့် ခေါ်ဆောင်လာ၍ ရုံးထုတ်ချုပ်ရမန် ယူခဲ့သည်။

S-03