News

POST TYPE

LOCAL

လက်ရှိစက်သုံးဆီဈေးနှုန်းသည် ဖြစ်သင့်သည့်ဈေးနှုန်းဟု စက်သုံးဆီအသင်းဆို
ရန်ကုန်၊ စက်တင်ဘာ ၁၁

လက်ရှိ၌ စံချိန်တင်မြင့်တက်နေသော စက်သုံးဆီဈေးနှုန်းများသည် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်း၌သာ ရှိနေသေးကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင် သွင်းရောင်းချဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောကြားသည်။ 

အမေရိကန်ဒေါ်လာဈေးနှုန်း မြင့်တက်မှုနှင့် ပြည်ပစက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာလည်း ဈေးနှုန်းမြင့်တက်နေရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

“အခုက ဆိပ်ကမ်းရောက်ဈေးကိုက တစ်လီတာကို ၉၆၆ ကျပ်လောက်ရှိတာပါ။ အရင်ဈေးနဲ့ အခုဈေးကွက်ထဲမှာရောင်းနေတဲ့ ဈေးက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းမှာပဲ ရှိနေပါတယ်”ဟု ၎င်းက ရှင်းပြသည်။ 

လက်ရှိစက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ်တစ်လီတာလျှင် ၁၀၀၅ ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ၁၀၁၅ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၉၇၅ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ၁၀၂၅ ကျပ်ဈေးရှိကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။ 

“အခုက စက်သုံးဆီဈေးတက်တာရော ရေကြီးတာတွေကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိလို့ ကုန်တင်ကားခဈေးက တစ်တန်ကို (ကျပ်) နှစ်ထောင်လောက် တက်နေတယ်”ဟု အဝေးပြေး ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

လတ်တလော စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် ကုန်စည်တင်ယာဉ်ခဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် အခြေခံစားသောက်ကုန်အချို့၏ ဈေးနှုန်းများလည်း လိုက်ပါမြင့်တက်လျက်ရှိသည်။ 

J-01