News

POST TYPE

LOCAL

ကန်တပ်ဖွဲ့များအား စစ်ရာဇဝတ်မှုဖြင့် အရေးယူရန်ကြိုးပမ်းသည့် ICC မှ တရားသူကြီးများကို ဖမ်းဆီးအရေးယူမည်ဟု ဝါရှင်တန်ခြိမ်းခြောက်
12-Sep-2018


ဝါရှင်တန်၊ စက်တင်ဘာ ၁၁ 

အာဖဂန်နစ္စတန်နိုင်ငံတွင်း အမေရိကန်တပ်ဖွဲ့များ၏ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့မှုများကို စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိသည့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ တရားသူကြီးများအနေနှင့် ယင်းလုပ်ရပ်များကို ဆက်လက်ဆောင်ရွက်မည်ဆိုပါက ဖမ်ဆီးအရေးယူ တရားစွဲဆိုခံရမည်ဖြစ်သည့်အပြင် ICC ကိုလည်း ဒဏ်ခတ်အရေးယူသွားမည်ဟု ဝါရှင်တန် (အမေရိကန် အစိုးရ) က ပြင်းပြင်းထန်ထန်သတိပေးလိုက်ကြောင်း သတင်းဌာနများ၏ ရေးသားဖော်ပြချက်အရ သိရသည်။ 

အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် မိုက်ကယ်လ်ဘိုလ်တန်က အကယ်၍ ICC အနေနှင့် အမေရိကန်တပ်ဖွဲ့ဝင်များနှင့် ထောက်လှမ်းရေးအေးဂျင့်များကို အရေးယူတရားစွဲဆိုရန် ကြိုးပမ်းမည်ဆိုပါက ICC တရားသူကြီးများကို ဒဏ်ခတ်ပိတ်ဆို့ရုံသာမက ဖမ်းဆီးနိုင်အောင် တရားစွဲဆိုသွားမည်ဟု တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“အမေရိကန်ပြည်ထောင်စုအနေနှင့် ကျွနု်ပ်တို့ရဲ့ နိုင်ငံသားတွေနဲ့ မဟာမိတ်တွေယခုလို တရားမဝင်တဲ့ ခုံရုံးကနေ မျှတမှုမရှိတဲ့ တရားစီရင်မှုတွေနဲ့ မကြုံတွေ့ရလေအောင် မည်သို့သော နည်းလမ်းကိုမဆို အသုံးပြုပြီး ကာကွယ်ပေးသွားမှာပဲဖြစ်ပါတယ်”ဟု မိုက်ကယ်ဘိုလ်တန်က ပြောကြားသည်။

ICC ကို ၎င်းက တရားမဝင်သည့် ခုံရုံးတစ်ခုအဖြစ် သတ်မှတ်ဝေဖန်လိုက်မှုကိုလည်း နိုင်ငံတကာမီဒီယာများက ထင်မြင်သုံးသပ်ချက်ဆောင်းပါးများ ရေးသားဖော်ပြခဲ့သည်။ 

နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သည် အာဖဂန်နစ္စတန်နိုင်ငံတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို အမေရိကန်တပ်ဖွဲ့များက ဖိနှိပ်ညှဉ်းပန်းမှုများပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ တရားစွဲဆိုရန် လတ်တလောကြိုးပမ်းလျက်ရှိသည်။ 

ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်ကမှ စတင်ထူထောင်ဖွဲ့စည်းခဲ့သော နိုင်ငံတကာရာဇဝတ် ခုံရုံး (ICC) တွင် သဘာတူလက်မှတ်ထိုးကာ ပူးပေါင်းမှုမပြုဘဲနေခဲ့သည့် နိုင်ငံအတော်များများထဲတွင် အမေရိကန်ပြည်ထောင်စုလည်းပါဝင်သည်။ 

“ကျုပ်တို့က ICC နဲ့ ပူးတွဲဆောင်ရွက်မှုပြုမှာမဟုတ်ပါဘူး။ ICC ကိုလည်း ဘာအထောက်အပံ့မှ ပေးမှာမဟုတ်ဘူး။ ICC ကိုလည်း ပူးပေါင်းမှာမဟုတ်ဘူး။ ICC ဆိုတဲ့ခုံရုံး သူ့ဘာသာသူပျက်ပြားသွားစမ်းပါစေ။ နောက်ဆုံးတော့ ကျုပ်တို့နဲ့ပတ်သက်တဲ့ ICC ရဲ့ ဦးတည်ချက်တွေ၊ ရည်မှန်းချက်တွေဟာ ပျက်စီးနေခဲ့ပြီးပဲဖြစ်တယ်” ဟု မိုက်ကယ်ဘိုလ်တန်က ပြောကြားသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ICC ၏ ရှေ့နေချုပ် (ဥပဒေအရာရှိချုပ်) ဖာတောင်ဘန်ဆိုဒါက ၂၀၀၁ ခုနှစ်၊ အမေရိကန်တို့ ကျူးကျော်တိုက်ခိုက်ခဲ့သည့်အချိန်မှစ၍ အာဖဂန်နစ္စတန်နိုင်ငံတွင်း စစ်မက်ပဋိပက္ခများနှင့်ပတ်သက်ဆက်စပ်နေသည့် စစ်ရာဇဝတ်မှုများ၊ ဒုစရိုက်မှုများနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်မှုများရှိသည်ဟု ယုံကြည်ရလောက်သည့် အချက်အလက်များရရှိထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အသေးစိတ်တိကျသော ကနဦးဆန်းစစ်ချက်များက ဥပဒေကြောင်းအရ တရားဝင်စုံစမ်းစစ်ဆေးဖော်ထုတ်နိုင်သည့် အနေအထားသို့ရောက်အောင် ပြုလုပ်ခဲ့ပြီဖြစ်ကြောင်း ၎င်းကဆိုခဲ့သည်။ 

သို့သော် အကယ်၍ ICC မှ ဥပဒေအရာရှိများက ထိုသို့အကောင်အထည်ဖော်အရေးယူမည်ဆိုပါက မိမိတို့ အမေရိကန်ပြည်ထောင်စုကလည်း ICC ၏ တရားသူကြီးများကို ပစ်မှတ်ထား အရေးယူသွားမည်ဖြစ်ကြောင်း တုံ့ပြန်လိုက်သည်။ မိုက်ကယ်ဘိုလ်တန်သည် ICC ၏ အဆိုပါကိစ္စနှင့်ပတ်သက်၍ တုတ်ထိုးအိုးပေါက်ဝေဖန် ခဲ့သူတစ်ဦးဖြစ်ခဲ့သော်လည်း ယခုတနင်္လာနေ့တွင် အပြင်းထန်ဆုံးအနေအထားဖြင့် ဝေဖန်ခဲ့သည်။ အာဖဂန်နစ္စတန်ရော အမေရိကန်ပြည်ထောင်စုပါ ICC တွင် သဘောတူလက်မှတ်ရေးထိုးထားခြင်းမရှိဟု ၎င်းက ပြောကြားသည်။ 

အမေရိကန်အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူ ဆာရာဆန်းဒါးစ်ကလည်း မိုက်ကယ်ဘိုလ်တန်၏ သုံးသပ်ချက်ကို ထောက်ခံသည်။ သမ္မတဒေါ်နယ်ထရမ့် အနေနှင့်လည်း အမေရိကန်နိုင်ငံသားများနှင့် မိမိတို့၏ မဟာမိတ်များကို ICC ၏ မျှတမှုမရှိသော တရားစီရင်မှုများမှ ကာကွယ်ပေးရေးအတွက် နည်းလမ်းမျိုးစုံ သုံးသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

F-01