News

POST TYPE

LOCAL

မြန်မာ-ဂျပန် လေကြောင်းလိုင်းခရီးစဉ် အပြန်အလှန် ရောင်းချရေး သဘောတူ
ရန်ကုန်၊ စက်တင်ဘာ ၁၀

ဂျပန်နိုင်ငံအခြေစိုက် လေကြောင်းလိုင်းဖြစ်သည့် Jal (Japan Airlines) လေကြောင်းလိုင်းနှင့် မြန်မာအမျိုးသားလေကြောင်းလိုင်း MNA တို့ကြား လေယာဉ်လက်မှတ်တစ်ခုတည်းဖြင့် အပြန်အလှန် စီးနင်းနိုင်သော အစီအစဉ်ကို ယခုလမှစတင်ပြီဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းလေယာဉ်လက်မှတ် အရောင်းဌာနများထံမှ သိရသည်။

“ဂျပန်ကိုသွားတဲ့ တိုက်ရိုက်ခရီးစဉ်တော့မဟုတ်ဘူး။ ဘန်ကောက် သို့မဟုတ် စင်ကာပူကနေတစ်ဆင့် သွားလို့ရမယ်။ MNA မှာ တစ်ခါတည်း လက်မှတ်ဖြတ်ထားရင်။ Jal အတွက် ဝယ်စရာမလိုဘူး တစ်ခါတည်းစီးလို့ရမယ်”ဟု MNA လေကြောင်းလိုင်း၏ လက်မှတ်အရောင်းဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လေယာဉ်လက်မှတ်တစ်ခုတည်းဖြင့် စီးနင်းနိုင်သည့် ဝန်ဆောင်မှုသည် ရန်ကုန်မှ ဘန်ကောက်၊ စင်ကာပူမြို့များသို့ MNA လေကြောင်းလိုင်းဖြင့် ပို့ဆောင်ပြီး ထိုမှဂျပန်နိုင်ငံ တိုကျိုနှင့်နာဂိုရာမြို့များသို့ Jal လေကြောင်းလိုင်းဖြင့် ပို့ဆောင်ခြင်းဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်လက်မှတ် အရောင်းဌာနများထံမှ သိရသည်။

“လက်မှတ်တစ်ခုတည်းနဲ့ ဂျပန်ဖက်က လာတဲ့ခရီးသည်တွေက Jal ကို စီးပြီး မြန်မာကိုလာရင်တစ်ဆင့် ထပ်ဝယ်စရာမလိုဘဲ ဘန်ကောက်ကနေ MNA ကို တစ်ခါတည်း စီးနိုင်မယ်။ အပြန်အလှန် ဝယ်လို့ရတဲ့သဘောပါ”ဟု Jal လေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်အရောင်းဌာန တာဝန်ရှိသူက ဆိုသည်။

ဂျပန်-မြန်မာခရီးစဉ် တစ်ကြောင်းအတွက် စီးနင်းသည့်အမျိုးအစားအပေါ် မူတည်၍ ပျမ်းမျှလေယာဉ်လက်မှတ်ခမှာ အမေရိကန်ဒေါ်လာ ၃၆၀ ကျော်မှ ၄၃၀ ကျော်အထိရှိကြောင်း အဆိုပါလေကြောင်းလိုင်းများထံမှ သိရသည်။

MNA လေကြောင်းလိုင်းသည် ပြည်တွင်းရှိ မြို့ပေါင်း ၂၀ ကျော်ကို ပြေးဆွဲနေသည့်အပြင် အာရှဒေသတွင်းမြို့များဖြစ်သော စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ ဘန်ကောက်၊ ချင်းမိုင်၊ ဗုဒ္ဓဂါယာနှင့် ဖူးခက် စသည်ဖြင့် ပြည်ပခရီးစဉ်များကိုလည်း ပြေးဆွဲနေသည့်လေကြောင်းလိုင်းဖြစ်သည်။

Jal လေကြောင်းလိုင်းသည် ၁၉၅၁ ခုနှစ်တွင် စတင်ပြေးဆွဲပျံသန်းခဲ့ပြီး ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး လေကြောင်းလုပ်ငန်းစုအဖြစ် ရပ်တည်လျက်ရှိသည်။

လက်ရှိတွင် ဂျပန်နိုင်ငံရှိ ပြည်တွင်း ခရီးစဉ်များအပြင် နိုင်ငံပေါင်း ၃၅ ခုမှ စုစုပေါင်း ခရီးစဉ်ဒေသ ၂၂၀ ကို ပြေးဆွဲနေသည့်လေကြောင်းလိုင်းဖြစ်သည်။

J-14