News

POST TYPE

LOCAL

အိန္ဒိယက ဖမ်းထားသည့် မြန်မာရေလုပ်သား ၁၁ ဦး ပြန်လွတ်
10-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၁၀

အိန္ဒိယနိုင်ငံ ပို့ဘလဲယားကျွန်းရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာရေလုပ်သား ၁၁ ဦး ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါရေလုပ်သား ၁၁ ဦးသည် အိန္ဒိယနိုင်ငံ ပို့ဘလဲယားရှိ ယာယီထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများဖြစ်ကြောင်း အတည်ပြုစိစစ်ပြီး ဖြစ်သည့်အတွက် အဆိုပါ ၁၁ ဦးကို မြန်မာနိုင်ငံက လေယာဉ်စရိတ်ကျခံပေးကာ မြန်မာ့လေကြောင်းလိုင်းဖြင့် စက်တင်ဘာလ ၉ ရက် ညပိုင်းက ပြန်လည် ရောက်ရှိလာခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရေလုပ်သားများသည် အိန္ဒိယရေပိုင်နက်ကိုကျော်လွန်ကာ သွားရောက်ခဲ့ခြင်းကြောင့် အဖမ်းခံခဲ့ရသူများဖြစ်ပြီး မြန်မာနိုင်ငံသားစိစစ်မှုများကို အိန္ဒိယအစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ကာ ပြန်လည် ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ရှင်းပြသည်။

အဆိုပါ အိန္ဒိယနိုင်ငံ ပို့ဘလဲယား အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရသူများနှင့်ပတ်သက်၍ မြန်မာသံရုံး၊ နယူးဒေလီမြို့မှ သက်ဆိုင်ရာ အာဏာပိုင်များနှင့်ညှိနှိုင်းကာ ကောင်စစ်ဆိုင်ရာ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံသားစိစစ်ရန် အချက်အလက် ကောက်ခံခြင်းများ ဆောင်ရွက်ခဲ့ပြီး နိုင်ငံသား မှန်ကန်ကြောင်း အတည်ပြုနိုင်သူများကို ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

အဆိုပါရေလုပ်သားများကို ကူညီပေးရန် အစိုးရနိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ပို့ဘလဲယားရှိ ယာယီ အကျဉ်းစခန်းများတွင် ထိန်းသိမ်းခံရသူများကို မြန်မာအစိုးရက ပြန်လည် ခေါ်ဆောင်ခဲ့ရာ၌ ၂၀၁၆ ခုနှစ်တွင် ၂၇၂ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၁၃၃ ဦးနှင့် ၂၀၁၈ စက်တင်ဘာလအထိ ၄၄ ဦး ခေါ်ယူနိုင်ခဲ့ကြောင်း နိုင်ငံခြားရေဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာနမှ သိရသည်။


J-08