News

POST TYPE

LOCAL

ကျောက်မီးသွေးတွင်းပေါက်ကွဲမှု သေဆုံးသူများကို သိန်း ၈၀ စီပေး
ချောက်၊ စက်တင်ဘာ ၁၀

ဆောမြို့နယ်မှ နှစ်မိုင်ခန့်အကွာ ကျောက်မြောင်းရွာအနီး ထွန်းရာဇာသတ္ထုတူးဖော်ရေးကုမ္ပဏီ၏ ကျောက်မီးသွေးတွင်းပေါက်ကွဲ (ပြိုကျ)မှုတွင် သေဆုံးသူများအတွက် တစ်ဦးလျှင် သိန်း ၈၀ စီ ထောက်ပံ့ပေးကြောင်း ဆောမြို့ တိုင်းလွှတ်တော်အမတ် ဦးထင်လင်းက ပြောသည်။

ကျောက်မီးသွေးတွင်းပေါက်ကွဲ(ပြိုကျ)မှုကြောင့် လေးဦးသေဆုံးခဲ့သည်။ လေးဦး ပိတ်မိနေသော်လည်း ရှာဖွေမှုဆက်မလုပ်တော့ဘဲ စက်တင်ဘာ ၉ ရက်တွင် ရှာဖွေမှုရပ်ဆိုင်းကာ သေဆုံးစာရင်းထည့်ပြီး သိန်း ၈၀ စီ ကုမ္ပဏီဘက်က ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ကွင်းဆင်းစစ်ဆေးချက်အရ ကျောက်မီးသွေးတွင်းအတွင်း မီသိမ်းဓာတ်ငွေ့ပမာဏများနေပြီး မြေပြိုသည့် အနေအထားကလည်း ကျောက်တုံးများ ဖြစ်သည့်အတွက် ဖယ်ရှားရန်ခက်ခဲကြောင်း၊ ပေ ၇၀ လောက်မှစ၍ တောက်လျှောက် မြေပြိုနေသဖြင့် ကယ်ဆယ်ရေးလုပ်ရန် မဖြစ်နိုင်တော့၍ ရပ်ဆိုင်းခဲ့ကြောင်း ဦးထင်လင်းက ဆိုသည်။

ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာသူတစ်ဦး မန္တလေးမြို့တွင် ဆေးကုသမှု ခံယူနေသည်။ ထိခိုက်ဒဏ်ရာရသူအတွက် ကုမ္ပဏီဘက်က ဆေးကုသစရိတ်ကို ထောက်ပံ့ပေးကြောင်း၊ နစ်နာကြေးအတွက် မညှိနှိုင်းရသေးကြောင်း ကုမ္ပဏီထံမှ သိရှိရသည်။

သေဆုံးသူ ၈ ဦးအတွက် မကွေးတိုင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တစ်ဦးလျှင် ကျပ်သုံးသိန်းနှုန်း ထောက်ပံ့ပေးပြီး ထိခိုက်ဒဏ်ရာရ၍ ဆေးကုသမှု ခံယူနေသူတစ်ဦးအတွက် ငွေငါးသောင်း ထောက်ပံ့ပေးကြောင်း ဦးထင်လင်းက ပြောကြားသည်။

R-24