POST TYPE

LOCAL

အလီဘာဘာ ကုမ္ပဏီထူထောင်သူ ဂျက်မာ တာဝန်မှ အနားယူမည်
09-Sep-2018


ပေကျင်း၊ စက်တင်ဘာ ၉

အလီဘာဘာလုပ်ငန်းစု ဦးပိုင်လီမိတက်၏ ပူးတွဲထူထောင်သူနှင့် အမှုဆောင်ဥက္ကဋ္ဌ ဂျက်မာသည် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ကုမ္ပဏီတာဝန်မှ အနားယူမည်ဖြစ်ပြီး အင်္ဂလိပ်စာဆရာ ဟောင်းဂျက်မာသည် ပညာရေးနယ်ပယ် ပရဟိတလုပ်ငန်းများကို ဦးစားပေးလုပ်ကိုင်သွားမည်ဖြစ်ကြောင်း New York Times သတင်းစာက ဖော်ပြသည်။

တရုတ်နိုင်ငံမှ အထင်ရှားဆုံးကော် ပိုရိတ်ခေါင်းဆောင်များအနက်မှ တစ်ဦးဖြစ်သူ မာသည် အီလက်ထရောနစ်ကူးသန်း ရောင်းဝယ်ရေး (e-commerce) ဖြင့် ထိပ်တန်းရောက်လာခဲ့သည့် အလီဘာဘာ ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့တွင် ဆက်ရှိနေမည်ဖြစ်ပြီး စီမံခန့်ခွဲရေးပိုင်းကို ဆက်လက်ကြီးကြပ်သွားဖွယ်ရှိသည်ဟု ဆိုသည်။ ကုမ္ပဏီကဥက္ကဋ္ဌသစ်အဖြစ် မည်သူ့ကို ခန့်မည်ဆိုခြင်းကိုမူ မသိရသေးပေ။

၁၉၉၉ တွင် အလီဘာဘာကို စတင်ထူထောင်ခဲ့သော မာသည် ၂၀၁၃ ခုနှစ်တွင် အမှုဆောင်အရာရှိချုပ် (CEO) တာဝန်မှ အနားယူခဲ့ပြီး အမှုဆောင်ဥက္ကဋ္ဌအဖြစ်သာ ဆက်ရှိနေခဲ့ကာ ကုမ္ပဏီ၏ နိုင်ငံတကာ မျက်နှာစာ နိုင်ငံရေးနှင့် စီးပွားရေး အခမ်းအနားများတွင် ဦးဆောင်သူအဖြစ်သာ ပြောင်းလဲတာဝန်ယူခဲ့သည်။

အလီဘာဘာက ယင်းသတင်းနှင့်ပတ်သက်၍ မှတ်ချက်မပေးခဲ့ပေ။ မာသည် ပြီးခဲ့သည့်ရက်ပိုင်းတွင် အာဖရိကရှိ ခေါင်းဆောင်များနှင့် စီးပွားရေးမိတ်ဖက်များထံ သွားရောက်လည်ပတ်ခဲ့ကြောင်း သတင်းကိုသာ ကုမ္ပဏီ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

မာသည် တရုတ်တွင် တတိယ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၆ ဘီလီယံရှိကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြထားသည်။ မာ၏ အနားယူမှုသည် ခေတ်တစ်ခေတ်၏ အဆုံးမဟုတ်ဘဲ ခေတ်သစ်တစ်ခု၏ အစသာဖြစ်သည်ဟု နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြထားသည်။

တရားဝင်ရာထူးမှ မာအနားယူလိုက်သော်လည်း မာ၏ ပါဝင်ပတ်သက်မှု သိသိသာသာ ပြောင်းလဲသွားမည်မဟုတ်ဟု လေ့လာသူတို့က ဆိုသည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် အများကြီး ပြောင်းလဲသွားမှာတော့ မဟုတ်ဘူး။ လွန်ခဲ့တဲ့လေးငါးနှစ်က CEO ရာထူးက အနားယူလိုက်ပြီး လူငယ်တွေ ကုမ္ပဏီကို ဦးဆောင်စေချင်တယ်လို့ ပြောခဲ့ဖူးတယ်။ သူဥက္ကဋ္ဌ ရာထူးယူထားတုန်းကလိုပဲ ပတ်သက်မှုတော့ ဆက်ရှိနေဦးမှာ သေချာပါတယ်။ တရားဝင်ရာထူး မယူထားတဲ့ တိုင်အောင်ပေါ့”ဟု The Emerging Market Internet  Exchange-Trade Fund တည်ထောင်သူ ကီဗင်ကာတာက သုံးသပ်သည်။

တနင်္လာနေ့တွင် ၅၄ နှစ်ပြည့်မည့် မာသည် ပညာရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ နယ်ပယ်မှ ပရဟိတစီမံကိန်းများကိုလည်း ကြီးကြပ်လျက်ရှိသည်။

မာမှာ တရုတ်အင်တာနက် ဆက်စပ်လုပ်ငန်းနယ်ပယ်တွင် ပုဂ္ဂိုလ်ရေး ကြည်ညိုခံရသူတစ်ဦးဖြစ်ပြီး စွန့်ဦးလုပ်ငန်းရှင်များနှင့် ပေါ့ပ်ယဉ်ကျေးမှုနယ်ပယ်တွင်ပါ နာမည်ကြီးသူတစ်ဦးဖြစ်သည်။

မာသည် နိုင်ငံတကာတွင် ထင်ရှားသည့် ပုံရိပ်ကိုဆက်ထိန်းထားခဲ့ပြီး ကုမ္ပဏီရုံးချုပ်ရှိရာ ဟန်ကျိုးသို့ နိုင်ငံတကာမှ ခေါင်းဆောင်များကို ဖိတ်ကြားလေ့ရှိသူဖြစ်သည်။ ယမန်နှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံခဲ့ပြီး “စမတ်ကျသူ”၊ “ဖွင့်ထားသောစိတ်”ရှိသူဟု ချီးကျူးခဲ့ဖူးသည်။

အလီဘာဘာကို မာ ဦးဆောင်ပြီး လူ ၁၈ ဦးဖြင့် စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် တရုတ်နိုင်ငံ၏ အကြီးဆုံး အီလက်ထရောနစ်ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်းကြီး ဖြစ်လာသော အလီဘာဘာတွင် အချိန်ပြည့်ဝန်ထမ်း ၆၆,၀၀၀ အထိရှိလာပြီဖြစ်သည်။ ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးမှာ သောကြာနေ့ ဈေးကွက်ပိတ်ချိန်တွင် အမေရိကန်ဒေါ်လာ ၄၂၀ ဘီလီယံမျှရှိသည်။

မာသည် တန်ဖိုးအမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံရှိသော Ant Financial ကိုပါ ထိန်းချုပ်ထားသူဖြစ်သည်။

F-03