News

POST TYPE

LOCAL

ကျိုက်ထီးရိုးဂေါပကအဖွဲ့ ဥပဒေဘောင်အတွင်းမှရွေးချယ်ခံရန် ဝန်ကြီးချုပ်သတိပေး
09-Sep-2018
မော်လမြိုင်၊ စက်တင်ဘာ ၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်ကြီး၏ ဂေါပကအဖွဲ့သစ်ကို ယခုလ ၁၆ ရက်နေ့တွင် အတည်ပြုမည်ဖြစ်ရာ အရွေးခံသူများအနေနှင့် ဥပဒေဘောင်အတွင်းမှ အရွေးချယ်ခံကြရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ သတိပေးပြောကြားသည်။ 

“အရွေးချယ်ခံမယ့်လူတွေကို အခုကတည်းက ပြောလိုက်မယ်၊ ဘောင်ထဲက နေအရွေးခံကြပါ။ ဘုရားဂေါပကဖြစ်ရင် ဘုရားကျွန်ဖြစ်မယ်လို့သာမှတ်၊ နည်းနည်း လးမှအခွင့်အရေးပေးလိမ့်မှာ မဟုတ်ဘူး၊ ဘောင်ကျော်တယ်လို့ အတိအကျတိုင်လာရင် ကော်မရှင်ဖွဲ့ပြီးတော့ကိုစစ်ဆေးမယ်”ဟု ၎င်းက ပြောဆိုသည်။

ကျိုက်ထီးရိုးဂေါပက အသစ်ကို ယခုလ ၁၆ ရက်နေ့တွင် လျို့ဝှက်မဲစနစ်ဖြစ် ရွေးချယ်သွားမည်ဖြစ်ရာ ယခုလက်ရှိတွင် လျှောက်လွှာတင်ထားသူများအနက် ၁၄ ဦး ကို စိစစ်ရွေးချယ်ထားကြောင်း၊ ထို ၁၄ ဦး အနက် ၁၀ ဦးကို ရွေးချယ်အတည်ပြု မည်ဖြစ်ကြောင်း ဂေါပကရွေးချယ်ကြီးကြပ် ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးကျော်ဝင်းလှိုင်က ပြောကြားသည်။

“ဘောင်ကျော်ပြီး စည်းရုံးမှုတွေ ရှိနေမယ်ဆိုရင် ကန့်ကွက်တိုင်ကြားလို့ ရတယ်၊ အခုရွေးချယ်ထားတဲ့ ၁၄ ယောက်နဲ့ပတ်သက်ပြီး ဒီလ ၁၁ ရက်နေ့အထိ ကန့်ကွက်လွှာတင်နိုင်တယ်၊ ဒီကန့်ကွက်လွှာပေါ်မှာ တိုင်ကြားထားတဲ့လူတွေရဲ့ နာမည်တွေကိုတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး လျှို့ဝှက်ထားပြီး စစ်ဆေးမှုတွေလုပ်သွားမယ်၊ စစ်ဆေးမှုအရဖယ်ထုတ်ရမယ်ဆိုလည်း ဖယ်ထုတ်ရမယ်”ဟု ၎င်းက ပြောဆိုသည်။

ကျိုက်ထီးရိုးဂေါပကအသစ် ရွေးချယ်နိုင်ရန် လျှောက်လွှာတင်သူ ၂၂ ဦး ရှိကြောင်း၊ ထိုအထဲတွင် အသက်ကန့်သတ်ချက်များနှင့် ဥပဒေနှင့်ပတ်သက်၍ ငြိစွန်းနေသူများကို စိစစ်ခဲ့ရာ ၁၆ ဦး ကျန်ခဲ့ကြောင်း၊ ထို ၁၆ ဦးအနက် တစ်ဦးမှာ အသက်မပြည့်သည့်အတွက် ထုတ်ပယ်လိုက်ရ၍ ၁၅ ဦး ကျန်ရှိကြောင်း၊ ၁၅ ဦးအနက် တစ်ဦးမှာလည်း ၎င်း၏ဆန္ဒအတိုင်း ထပ်မံနုတ်ထွက်လိုက်သည့်အတွက် ၁၄ ဦးသာကျန်ရှိကြောင်း၊ ထို ၁၄ ဦးကို စက်တင်ဘာ ၅ ရက် မှ ၁၁ ရက်အထိ ကန့်ကွက်လွှာတင်နိုင်ကြောင်း ဦးကျော်ဝင်းလှိုင်က ရှင်းပြသည်။

“အသစ်ပြန်လျှောက်တဲ့အထဲမှာ ကျွန်တော်တို့ ယာယီအဖွဲ့က တစ်ယောက်မှမပါဘူး၊ ကျွန်တော်တို့အရင် ဂေါပကအဖွဲ့ဟောင်းက လူတွေတော့ပါတယ်၊ ကန့်ကွက်လွှာတက်လာရင်တော့ ကျွန်တော်တို့ ပြန်စစ်ဆေးရမှာပဲ”ဟု ၎င်းက ထပ်မံပြောဆိုသည်။

ထိုဂေါပက အသစ်ရွေးချယ်ရာတွင် ဆန္ဒမဲထည့်ခွင့်ရှိသူ ၃၃၆၀ ဦးကျော်ရှိသည့်အနက် ဆန္ဒမဲပေးရန် လျှောက်လွှာတင်ထားသူ ၃၃၄၆ ဦး ရှိကြောင်း၊ ဆန္ဒမဲပေးမည့်သူများအနေနှင့်လည်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမှသာ ဆန္ဒမဲပေးနိုင်ကြောင်း ဂေါပကရွေးချယ်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။

ကျိုက်ထီးရိုးဂေါပကအဖွဲ့ (ယာယီ) ၏ ၂ နှစ်တာသက်တမ်းတွင် ရန်ပုံငွေ ကျပ်သိန်းပေါင်း ၉၃,၀၀၀ ကျော်အထိ ဖြစ်လာကြောင်း၊ ယာယီဂေါပကသို့ လွှဲပြောင်းစဉ်က ရန်ပုံငွေ ကျပ်သိန်းပေါင်း ၁၆,၀၀၀ သာ လက်ခံရရှိထားကြောင်း၊ ထို့ကြောင့် ဂေါပက (ယာယီ) သက်တမ်း ၂ နှစ်တွင် ရန်ပုံငွေ ကျပ်သိန်းပေါင်း ရှစ်သောင်းခန့် တိုးလာကြောင်း ကျိုက်ထီးရိုးဂေါပကအဖွဲ့ (ယာယီ) ထံမှ သိရသည်။ 

R-21



  • VIA