News

POST TYPE

LOCAL

ရဲအတတ်သင်သိပ္ပံကျောင်း မျက်နှာစာတိုက်ခန်းတွင် နေထိုင်သူများကို အင်အားသုံးဖယ်ရှား
09-Sep-2018


မန္တလေး၊ စက်တင်ဘာ ၈

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရဲအရာရှိအတတ်သင်ကျောင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် တိုက်ခန်းများတွင် နေထိုင်သူများကို စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်အင်အား ငါးရာခန့်ဖြင့် အင်အားသုံးရှင်းလင်းဖယ်ရှားခဲ့သည်။

၆၈ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြား လမ်းအရှေ့ဘက်ရှိ နေအိမ်ဆိုင်ခန်းများသည် ဗဟိုရဲလေ့ကျင့်ရေး ကျောင်းဧရိယာအတွင်း ပါဝင်ခြင်းမရှိဘဲ တိုက်ခန်းများမှ ဖယ်ရှားပေးရန် ၂၀၁၇ ခုနှစ် မေလအတွင်းကပင် အစိုးရအိမ်ဥပစာနှင်ထုတ်ခြင်း ဥပဒေအရဟုဆိုကာ ကျောင်းတာဝန်ရှိသူများက အကြောင်းကြားစာပေးထားကာ ပြီးခဲ့သော ဩဂုတ်လဆန်းပိုင်းကတည်းက ညှိနှိုင်းမှုများ ပြုလုပ်ထားသည့် နေအိမ်များဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက ယင်းသင်တန်းကျောင်း ကျောင်းအုပ်ကြီး ရဲမှူးကြီးမင်းအောင်က တိုက်ခန်းရှင်များကိုခေါ်ယူကာ ဩဂုတ်လ ၅ ရက်နေ့ နောက်ဆုံးထား ထွက်ခွာပေးရန်နှင့် မထွက်ခွာပါက အင်အားသုံးဖယ်ရှားကာ တရားစွဲဆိုမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတိပေးပြောဆိုခဲ့ရာတွင် ဩဂုတ်လကုန်နောက်ဆုံးထား ဖယ်ရှားပေးမည်ဟုဆိုကာ တိုက်ခန်းပိုင်ရှင်များက သဘောတူ လက်မှတ်ရေးထိုးထားသည်။

“အဂတိကော်မရှင်က ပြန်ကြားချက် မလာခင်မှာ သူတို့ဘက်က လက်ဦးမှုရယူတာလို့ပဲမြင်ပါတယ်။ အဂတိဘက်က တစ်ခုခု လုပ်ဆောင်လာရင်တော့ ဒီကိစ္စပြေလည်မယ် ထင်ပါတယ်”ဟု ချမ်းအေးသာစံမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေက ပြောကြားသည်။

တိုက်ခန်းပိုင်ရှင်များက နိုင်ငံတော်သမ္မတရုံး၊ အတိုင်ပင်ခံရုံးတို့ထံ အသနားခံစာများ တင်ထားသည့်အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံသို့လည်း အချက်အလက်များနှင့်တကွ တိုင်ကြားထားချိန်တွင် ရဲတပ်ဖွဲ့က ယခုကဲ့သို့ ရှင်းလင်းမှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။

ယင်းသို့ ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်နေခြင်းနှင့်ပတ်သက်၍ သတင်းမီဒီယာသမားများကို သတင်းရယူခွင့်မပြုသောကြောင့် တိုက်ခန်းတွင်နေထိုင်သူများနှင့် တွေ့ဆုံမေးမြန်းခွင့် မရခဲ့ပေ။

ယင်းတိုက်ခန်းများတွင် နေထိုင်သူများမှာ ခွင့်ပြုချက်မရှိဘဲ ၂၀၁၁ ခုနှစ်ကတည်းက နေထိုင်နေကြခြင်းဖြစ်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရဲမှူးကြီးမင်းအောင်က ဩဂုတ်လ ၅ ရက်နေ့က ပြောကြားထားသည်။

အဆိုပါတိုက်ခန်းနေရာ၌ အခန်းသုံးဆယ်အထိရှိနေပြီး ၁၉၉၅ ခုနှစ်တွင် ရဲသင်တန်းကျောင်းကဆောက်လုပ်ကာ ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအချိန်က တစ်ခန်းလျှင် ကျပ် ၅ သိန်းမှ ၆ သိန်းကျပ် စသည်တို့ဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်သော်လည်း ၂၀၁၆ ခုနှစ်အတွင်း၌မူ လက်ဆင့်ကမ်းဝယ်ယူနေထိုင်သူများကြောင့် ကျပ်သိန်းခြောက်ရာခန့်အထိ ဈေးရှိခဲ့ကြောင်း မန္တလေးမြို့ခံများအဆိုအရ သိရသည်။ 

M-04



  • VIA