News

POST TYPE

LOCAL

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနယ်မြေ ထပ်မံတိုးချဲ့
08-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၈

ဧရာဝတီလင်းပိုင်များ မျိုးပြုန်းတီး မှုကို ထိန်းသိမ်းကာကွယ်ရန်အတွက် ဧရာဝတီမြစ်ကြောင်းအတွင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေကို ထပ်မံ တိုးချဲ့သတ်မှတ်လိုက်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

ဧရာဝတီလင်းပိုင်မျိုးစိတ်များ ပျံ့နှံ့ကျက်စားရာ အရှည်လျားဆုံးမြစ်အစိတ်အပိုင်းဖြစ်ပြီး ဧရာဝတီလင်းပိုင် အကောင်အရေအတွက် အများဆုံးရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်မှ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အထိ ဧရာဝတီမြစ်ပိုင်းကို ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး နယ်မြေအဖြစ် ထပ်မံတိုးချဲ့လိုက်ခြင်းဖြစ်သည်။

အဆိုပါတားမြစ်ဧရိယာများအတွင်း ရေလမ်းကြောင်း ပိတ်ဆို့ချထားသည့် တန်းပိုက်၊ မြစ်ကြောင်းအတွင်း ကမ်းတစ်ဖက်မှတစ်ဖက်ကို ပိတ်၍တားသည့် တန်းပိုက်များ၊ အလျား ၃၀၀ ထက်ပိုသည့် မျှောပိုက်များ၊ ဘက်ထရီ၊ ကျဉ်စက်၊ မီးစက်ဖြင့် ရှော့ခ်တိုက် ငါးဖမ်းဆီးခြင်း၊ အဆိပ်ချ၊ မိုင်းခွဲ ငါးဖမ်းဆီးခြင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ အခါအားလျော်စွာ တားမြစ်သည့် ငါးဖမ်း ကိရိယာ စသည့်ငါးဖမ်းနည်းများဖြင့် ငါးဖမ်းဆီးခြင်းမပြုရန် တားမြစ်လိုက်သည်။

“ဧရာဝတီမြစ်ကြောင်းထဲမှာပဲ အရင်က လင်းပိုင်ထိန်းသိမ်းတဲ့ဧရိယာက မန္တလေးတိုင်းထဲမှာ ၇၂ မီတာရှိတယ်။ အခုက စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် ပေါင်းပြီး ဒုတိယဧရိယာအဖြစ် မီတာ ၁၀၀ ကျော် ထပ်ချဲ့လိုက်တာ”ဟု ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောကြားသည်။

ယင်းတားမြစ်ဧရိယာများတွင် မျှောပိုက်များချထား၍ ငါးဖမ်းရာတွင် တစ်ဖုံနှင့်တစ်ဖုံအကြား ပေ ၆၀၀ အကွာအဝေး ချန်လှပ်ထားရန် သတ်မှတ်လိုက်ပြီး ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်းရှိ ငါးပေါက်ဖွားရာတွင်အရေးပါသည့် ရေတိမ်သောင်ခုံများ၊ ကျူတောများ၊ ကိုင်းတောများ၊ ဒိုက်တောများ ပျက်စီးစေသည့် ဓာတုဆေးဝါးများ၊ ဓာတ်သတ္တုပစ္စည်းများ မြစ်အတွင်းစွန့်ပစ်ခြင်း လုံးဝမပြုလုပ်ရန် တားမြစ်လိုက်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

ထို့ပြင် ရေလုပ်သားများ၊ ငါးလုပ်ငန်းဆောင်ရွက်သူများသည် ဧရာဝတီလင်းပိုင်များကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ တစ်ကောင်လုံး သို့မဟုတ် အစိတ်အပိုင်းများအဖြစ်လည်းကောင်း ရောင်းဝယ်ခြင်း မပြုလုပ်ရန်နှင့် မိမိတို့၏ မျှောပိုက်များတွင် ဧရာဝတီလင်းပိုင်များနှင့် လင်းပိုင်သားပေါက်များ မတော်တဆဖမ်းဆီးရမိခဲ့ပါက မြစ်အတွင်းသို့ အရှင်အတိုင်း အမြန်ဆုံး ပြန်လွှတ်ပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်သတ်မှတ်လိုက်သည်။

ရေလုပ်သားများအနေနှင့် တားမြစ်သတ်မှတ်ချက်များကို လိုက်နာခြင်း မရှိပါက ရေချိုငါးလုပ်ငန်းဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

J-11