News

POST TYPE

LOCAL

မြန်မာလူမှုကွန်ရက် MM Social စတင်အသုံးပြုနိုင် ၁၀ နာရီအတွင်း သုံးစွဲသူ ၂၀၀၀ ခန့်ရှိ
08-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၈

 မြန်မာလူမှုကွန်ရက် MM Social ကို ယနေ့ စက်တင်ဘာ ၈ ရက်တွင် စတင်အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ပြီး ၁၀ နာရီအတွင်းအသုံးပြုသူ ၂၀၀၀ ခန့် ရှိပြီဖြစ်ကြောင်း ယင်းလူမှုကွန်ရက်တည်ထောင်သူ ကိုရန်နိုင်မြင့်က ပြောကြားသည်။

ယင်းလူမှုကွန်ရက်သုံးလိုသူများသည် www.mmsocial.net တွင် အကောင့်ဖွင့်သုံးနိုင်မည်။ အကောင့်လုံခြုံရေးနှင့် အကောင့်ပိုင်ဆိုင်ကြောင်းအတည်ပြုနိုင်ရေး အမှန်တကယ်သုံးသည့်ဖုန်းနံပတ်နှင့် အမည်ရင်းကိုသာသုံးရန် တည်ထောင်သူက အကြံပြုသည်။

User Profile တည်ဆောက်ခြင်း၊ Post များတင်ခြင်း၊ Like, Comment နှင့် Share များအသုံးပြုနိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန် Messaging စာတိုစနစ်၊ ကုမ္ပဏီအဖွဲ့အစည်းများအတွက် Page များပြုလုပ်နိုင်ခြင်း၊ အသုံးပြုသူအချင်းချင်း ဆွေးနွေးတိုင်ပင်မှုများပြုလုပ်နိုင်သည့် Group များတည်ဆောက်ခြင်း စသည့် လူမှုကွန်ယက်များတွင် အခြေခံပါဝင်လေ့ရှိသောလုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်နေပြီဖြစ်သည်။ 

“ကျွန်တော်တို့ ဒီ MM Social ကို တည်ဆောက်ချိန်က အချိန်နှစ်လလောက်ပဲရှိခဲ့ပါတယ်။ လက်ရှိရေပန်းစားနေတဲ့လူမှုကွန်ရက်တွေကိုတော့ ဘယ်လိုမှမယှဉ်နိုင်သေးပါဘူး”ဟု ကိုရန်နိုင်မြင့်က ပြောဆိုသည်။

အခြားလုပ်ဆောင်ချက်များဖြစ်သည့် အသံခေါ်ဆိုခြင်း၊ Video ခေါ်ဆိုခြင်း၊ တိုက်ရိုက်ထုတ်လွှင့်ခြင်းများကို လုပ်ဆောင်နိုင်ဦးမည်မဟုတ်ဘဲ လပိုင်းအတွင်း ဆက်လက်ထည့်သွင်းတည်ဆောက်သွားမည်ဟု ၎င်းက ပြောဆိုသည်။

MM Social သည် မြန်မာလူမှုကွန်ရက်တစ်ခုဖြစ်သည့်အလျှောက် မြန်မာစာစနစ်ကို အထူးထောက်ပံ့ထားသည်။ လက်ရှိကြုံတွေ့နေရသည့် မြန်မာစာ စံစနစ်အသုံးပြုသူနှင့် အသုံးမပြုသူများကြား ကွာဟမှုမရှိစေရန် မည်သည့်စနစ်နှင့် ဖောင့်ကို အသုံးပြုသည်ဖြစ်စေ တစ်ဖက်နှင့်တစ်ဖက် မှန်မှန်ကန်ကန်ဖတ်ရှုနိုင်မည်ဖြစ်သည်။

ကိုရန်နိုင်မြင့်က “ဘယ်ဖောင့်နဲ့ပဲရိုက်ရိုက် ယူနီကုတ်စနစ်နဲ့ Database ထဲမှာသိမ်းတယ်။ ပြန်ပြီးပြရင်လည်း ယူနီကုတ်နဲ့ပဲ ပြပါတယ်။ ဒါပေမဲ့ ဘယ်ဖောင့်ကိုပဲသုံးသုံး တစ်ဖက်နဲ့တစ်ဖက် မှန်မှန်ကန်ကန် မြင်ရမှာပါ ”ဟု ပြောဆိုသည်။

လက်ရှိအချိန်တွင် ရှာဖွေမှုများကို လုပ်ဆောင်နိုင်ဦးမည်မဟုတ်ဘဲ ယင်းလုပ်ဆောင်ချက်အတွက် အချိန်အနည်းငယ်အတွင်းရရှိနိုင်ရန် ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြောဆိုထားသည်။

MM Social လူမှုကွန်ယက်ကို စက်တင်ဘာ ၂ ရက်က စတင်မိတ်ဆက်ခဲ့ပြီး စတင်မိတ်ဆက်မည့်အချိန်တွင် လူမှုကွန်ယက် Facebook က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လူမှုကွန်ယက်စာမျက်နှာအပါအဝင် တပ်မတော်နှင့်ပတ်သက်သည့် စာမျက်နှာအတော်များများကို Facebook ပေါ်မှ ဖြုတ်ချခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး MM Social လူမှုကွန်ယက်အပေါ် ဝေဖန်မှုများလည်း မြင့်တက်လာခဲ့သည်။

ထို့ကြောင့် ၎င်းတို့ကုမ္ပဏီဖွဲ့စည်းမှုကို ယခုနှစ်ဇူလိုင်လကတည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူမှုကွန်ရက်တွင်ဝေဖန်နေကြသလို တပ်မတော်နောက်ခံဖြင့်လုပ်ဆောင်ခြင်း လုံးဝမဟုတ်ကြောင်း ကိုရန်နိုင်မြင့်က ငြင်းဆိုထားသည်။

မောင်မန်း


  • VIA