News

POST TYPE

LOCAL

ကျောက်ဆည် သမဝါယမအသင်းတစ်ခု ကျပ်သိန်းကိုးရာနီးပါး အလွဲသုံးစားမှုဖြစ်
07-Sep-2018

မန္တလေး၊ စက်တင်ဘာ ၆

မန္တလေးတိုင်း ကျောက်ဆည်မြို့အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ ပညာရေး (ခ) ငွေစုငွေချေး သမဝါယမအသင်းတွင် အမျိုးသမီးတစ်ဦးသည် ကျပ်သိန်းကိုးရာနီးပါး အလွဲသုံးစားပြု ထွက်ပြေးတိမ်းရှောင်နေသည်ဟုဆိုကာ စက်တင်ဘာလ ၅ ရက်နေ့က အမှုဖွင့်ထားကြောင်း ကျောက်ဆည် မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ဝင်းဇော်မြင့်က အတည်ပြုပြောကြားသည်။

“သူတို့ ငွေစုငွေချေးလုပ်တဲ့အဖွဲ့ပေါ့။ အဲဒီမှာ ဆရာမတစ်ယောက်က စာရင်းကိုင်။ အဲ့ဒီမှာ စာရင်းတွေ ကွာနေတာကို အဖွဲ့ကတွေ့တော့ သူကတာဝန်ရှိပါတယ်။ တာဝန်ယူပါတယ်။ အချိန်တစ်ခုပေးဖို့ ချိန်းတာမှာ အချိန်တန်တော့ ပြန်မပေးဘူး။ ဒါကြောင့် အမှုလာဖွင့်ထားတာပါ”ဟု ၎င်းက ပြောသည်။

အသင်းသား ၅၉၁ ဦးရှိသည့် အဆိုပါအဖွဲ့၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ အသက် ၅၉ နှစ်အရွယ်ရှိ ဒေါ်နွဲ့နွဲ့အေးဆိုသူသည် အသင်း၏ငွေစာရင်းများကို တာဝန်ယူခဲ့ကြောင်း၊ ယခုနှစ် ဇွန်လ ၁ ရက်နေ့တွင် အသင်းသားများက ငွေကြေးများကိုစစ်ဆေးရာ ဒေါ်နွဲ့နွဲ့အေးအနေနှင့် ငွေကြေးများရယူထားသော်လည်း ဘဏ်သို့အပ်နှံခြင်းမရှိဘဲ ကိုယ်ကျိုးအတွက် အသုံးပြုထားသည်ကိုတွေ့ရှိခဲ့သည့်အတွက် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အသင်းသားများ၏ စုဆောင်းငွေမှာ ကျပ် ၁၀၉၁ သိန်းကျော်ရှိပြီး အမှန်တကယ် ထုတ်ချေးငွေမှာ ကျပ်သိန်း ၂၂၀ ကျော်သာရှိခဲ့သည့်အတွက် ကျပ်သိန်း ၈၇၀ ကျော် ကွာဟနေသည်ဟု ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

“ကျွန်တော့်ကို ယာယီဥက္ကဋ္ဌ တာဝန်ပေးတော့ စာရင်းတွေ လွှဲခိုင်းတာပေါ့နော်။ အဲ့ဒီမှာ ကျွန်တော်က စာရင်းတွေ စစ်ဆေးပေးပြီးမှလက်ခံမယ်ဆိုပြီး စစ်တော့ စာရင်းတွေကွာနေတာကိုတွေ့ပါတယ်။ သူက ပြန်ပေးဖို့ပြောထားတဲ့အချိန်မှာ ပြန်မပေးလို့မေးကြည့်တော့ စာရင်းမှားနေတာပါလို့ ပြောတယ်။ စာရင်းအမှန်ပြပါ ဆိုတော့လည်း မပြနိုင်ဘူး။ ဒါကြောင့် အမှုဖွင့်လိုက်ရတာပါ”ဟု ယင်းသမဝါယမအသင်း၏ လက်ရှိဥက္ကဋ္ဌလည်းဖြစ်ပြီး တရားလိုလည်းဖြစ်သူ ကျောက်ဆည်မြို့ ငါးဆူကျေးရွာမှ ဦးစိန်မင်းက ပြောကြားသည်။

လက်ရှိတွင် ယင်းအမှုကို ကျောက်ဆည်မြို့မရဲစခန်းက ယုံကြည်စွာအပ်နှံထားသည့် ငွေကြေးများအား အလွဲသုံးစားမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်ထားပြီး ဒုတိယရဲအုပ်တစ်ဦးက စစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်းထံမှသိရသည်။

M-04