News

POST TYPE

LOCAL

ကုန်တင်သင်္ဘောပျက်ကို ထားခဲ့သည့် ဆွဲသင်္ဘောမှ သင်္ဘောသားများကို တရားစွဲရန် ပြင်
07-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၆

MV SAM  RATULANGI အမည်ရှိ ကုန်တင်သင်္ဘောပျက်ကို မြန်မာရေပိုင်နက်၌ ထားပြီး ထွက်သွားသည့် Independence Ulaan Baatar သင်္ဘောပေါ်မှ အင်ဒိုနီးရှားနိုင်ငံသား သင်္ဘောသား ၁၃ ဦးကို တရားစွဲရန် ပြင်ဆင်နေကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်က ပြောကြားသည်။

စက်တင်ဘာလ ၆ ရက်က ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးတွင် ပြုလုပ်သော အဆိုပါသင်္ဘော သောင်တင်ခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ 

အဆိုပါသင်္ဘောသားများအနေနှင့် မြန်မာ့ရေပိုက်နက်ထဲတွင် တွဲဆွဲကြိုးပြတ်မှု (တုံးကြိုး- Emergency towing) ကို တရားဝင်အကြောင်းကြားခဲ့ခြင်း မရှိသောကြောင့် ထိုသို့တရားစွဲရန် ပြင်ဆင်ခြင်းဖြစ်ပြီး ရှေ့နေချုပ်ရုံးကို အကြံပြုချက်တောင်းခံမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“သတင်းမပို့ဘဲနဲ့ ကျွန်တော်တို့ ရေပိုင်နက်ထဲမှာ သူတို့ တုံးကြိုးပြတ်တယ်။ တရားဝင် သတင်းပို့ရင် ရေကြောင်းလုပ်ထုံးလုပ်နည်း ကူညီပေးရမှာပေါ့။ သတင်းပေးပို့မှု မရှိဘူး။ အခု သူတို့စစ်ဆေးချက်တွေ၊ တွေ့ရှိချက်တွေကို ရှေနေ့ချုပ်ရုံးကို တင်ပြပါမယ်။ ရှေ့နေချုပ်ရုံး သဘောထား မှတ်ချက်ယူမယ်။ ရေကြောင်းဦးစီးက တရားလိုလုပ်ပြီး ဥပဒေအရ အရေးယူသွားမယ်”ဟု ၎င်းက ဆိုသည်။

ထိုကြောင့် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေနှင့် မြန်မာကုန်သည်သင်္ဘောအက် ဥပဒေ ပုဒ်မ ၂၇၃ အရ ဆက်လက်စစ်ဆေးနေကြောင်း၊ စစ်ဆေးချက်အရ သင်္ဘောသားများသည် သင်္ဘောကုမ္ပဏီထံ အကြောင်းကြားခဲ့သော်လည်း မြန်မာ့ရေပိုင်နက် တာဝန်ရှိသူများကို အကြောင်းမကြားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှ ဘင်္ဂလားဒေရှ်နိုင်ငံရှိ သင်္ဘောဖျက်စက်ရုံသို့ ပို့ဆောင်ရန် ဩဂုတ်လ ၁၃ ရက်က ကုန်တင်သင်္ဘောကို တွဲဆွဲရေယာဉ်ဖြင့် ဆွဲလာစဉ် ဩဂုတ်လ ၂၆ ရက်က ရာသီဥတုဆိုးသဖြင့် တွဲဆွဲကြိုးများ ပြတ်တောက်ကာ ကုန်တင်သင်္ဘောမှာ ရေစီးနှင့်အတူ မျောပါပြီး မြန်မာ့ရေပိုင်နက် စစ်တောင်းမြစ်ဝအနီးတွင် သောင်တင်ခဲ့သဖြင့် ထားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးချက်အရ သိရသည်။

ယင်းနောက် ကုန်တင်သင်္ဘောကို ဆွဲယူခဲ့သော Independence Ulaan Baatar သင်္ဘောနှင့်သင်္ဘောသား ၁၃ ဦး ကို တနင်္သာရီတိုင်း ဇာဒက်ကြီးကျွန်းအနီး တွေ့ရသဖြင့် ရေတပ်စခန်းတွင် ထိန်းသိမ်းကာ တနင်္သာရီတိုင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ စက်တင်ဘာလ ၄ ရက်တွင် လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။

မြန်မာ့ရေပိုင်နက်အတွင်း သင်္ဘောပျက်ကိုဖယ်ရန် သင်္ဘောဆယ်မည့် ကုမ္ပဏီက စက်တင်ဘာလ ၈ ရက်တွင် လာစစ်မည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက သိရသည်။

MV SAM  RATULANGI သင်္ဘောသည် ၂၀၀၁ ခုနှစ်က အင်ဒိုနီရှားနိုင်ငံတွင် တည်ဆောက်ခဲ့ပြီး အင်ဒိုနီရှားနိုင်ငံသားပိုင် သင်္ဘောအဖြစ် တရားဝင်မှတ်ပုံတင်ထားခြင်းဖြစ်သည်။

MV SAM RATULANGI ကုန်တင်သင်္ဘာမှာ ပိုင်ရှင်ရှိပြီး စွန့်ပစ်ထားခြင်း မရှိသည့်အပြင် သင်္ဘောပေါ်တွင် တရားမဝင် ဓာတုပစ္စည်းများ မပါဝင်ကြောင်း၊ သင်္ဘောအားဖျက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းသို့ အသွား မုန်တိုင်းမိကာ မြန်မာ့ရေပိုင်နက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သင်္ဘောဆွဲယူသည့် ကုမ္ပဏီ Ocean Solution Maritime Management Sdn Bhd ၏ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ် ဒေါ်မေသန့်ဇင်က စက်တင်ဘာလ ၃ ရက် ရှန်ဂရီလာတွင်ပြုလုပ်သည့် အဆိုပါ သင်္ဘောအကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သင်္ဘောဆွဲယူသည့် ကုမ္မဏီထုတ်ပြန်ချက်တွင် အဆိုပါသင်္ဘောသည် သုံးခွမြို့နယ် စစ်တောင်းမြစ်ဝအနီး ဩဂုတ်လ ၂၆ ရက် သောင်တင်ခဲ့ကြောင်း၊ ကုမ္မဏီအနေနှင့် ဆွဲသင်္ဘောနှင့် သင်္ဘောသားများ ပြန်လွတ်မြောက်ရေးအတွက် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် တပ်မတော်ရေတို့ထံ ဆက်လက်ညှိနှိုင်းမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

J-18


  • VIA