News

POST TYPE

LOCAL

စိန်ရတုခန်းမတွင် သရုပ်ပျက် ကပြခဲ့သည့် ကျောင်းသားကိုသတိပေး
06-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၆

တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပသည့်ကျောင်းတွင်း မိတ်ဆုံစားပွဲတစ်ခုတွင် လိင်အသားပေးကပြမှုဆန်ဆန် ကပြခဲ့သော အမျိုးသမီးစိတ်ပေါက်နေသူကျောင်းသားကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့က သတိပေးထားကြောင်း ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ပြောကြားသည်။

“ကျောင်းသူတော့ မဟုတ်ဘူး။ ပဲခူးဆောင်က ကျောင်းသား(မြန်မာစာအထူးပြု၊ စတုတ္ထနှစ်ကျောင်းသား)။ သူက အစီအစဉ်မှာ ပထမဇာတ်တိုက်ထားတဲ့အတိုင်းမလုပ်ဘဲ စင်ပေါ်ရောက်မှ ဒီလိုလုပ်တာပေါ့။ ခေါ်ယူပြီးတော့ သတိပေးထားပါတယ်။ သူကတော့ အစကတည်းက မိန်းကလေးစိတ် ပေါက်နေတာပေါ့။ အဆောင်မှာလည်း အဲဒီလိုပဲနေနေတာ”ဟု ဒေါက်တာဖိုးကောင်းက ပြောကြားသည်။

စက်တင်ဘာလ ၁ ရက်ညပိုင်းက ပဲခူးဆောင်၊ ရတနာဆောင်နှင့် ရွှေဘိုမောင်နှမဆောင်တို့ စုပေါင်းပြုလုပ်သည့် မိတ်ဆုံစားပွဲနှင့် နှုတ်ဆက်ပွဲတွင် ကပြဖျော်ဖြေနေသည့် ကျောင်းသူတစ်ဦး၏ ဗီဒီယိုဖိုင်ပေါ်ထွက်ခဲ့ပြီးနောက် သရုပ်ပျက်ကပြသည်ဆိုကာ တက္ကသိုလ်၏ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း ဝေဖန်မှုများခဲ့ခြင်းဖြစ်သည်။

မိတ်ဆုံစားပွဲတွင် ကျောင်းသားများ ဦးဆောင်လုပ်သည့်ပွဲဖြစ်သဖြင့် ကပြမှုကိုမြင်တွေ့ခဲ့ခြင်းမရှိကြောင်းနှင့် ကပြဖျော်ဖြေစဉ်တွင်ဆရာ၊ ဆရာမကြီးများရှိမနေဘဲ အဆောင်မှူးအချို့သာ ရှိနေခဲ့ကြောင်း၊ မမျှော်လင့်ထားဘဲ ရုတ်တရက် ကပြခဲ့ခြင်းဖြစ်၍ ၎င်းတို့အနေနှင့် နောက်နောင်တွင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ တုံ့ပြန်နိုင်ရန် အဆိုပါကျောင်းသားအသုံးပြုသည်ဆိုသော Ada Wong ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ဆက်သွယ်မေးမြန်းသော်လည်း နောက်ဆုံးသတင်းရေးသားချိန် စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီ ၄၀ မိနစ်အထိ ကြည့်ရှုအကြောင်းပြန်ကြားခြင်းမရှိပေ။

အဆိုပါကျောင်းသားကို ပထမအဆင့်အနေနှင့် ကျောင်းကပွဲပြီးသည့်နေတွင်ပင် အဆောင်မှူးဆရာ၊ ဆရာမများမှတစ်ဆင့် ခေါ်ယူသတိပေးထားပြီးဖြစ်ကာ နောက်တစ်ဆင့်အနေနှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးလုပ်ကာ စက်တင်ဘာလ ဒုတိယပတ်တွင် ထပ်မံ ခေါ်ယူသတိပေးမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ထံမှ သိရသည်။

J-19