News

POST TYPE

LOCAL

ကလေးတွင် လယ်ဧက ခြောက်ထောင် ဆည်ရေလုံလောက်စွာမရ၍ အခက်တွေ့
06-Sep-2018


ကလေး၊ စက်တင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ ကျေးရွာ ၉ ရွာမှ လယ်ဧက ခြောက်ထောင်အတွက် မြောင်းချောင်းဆည် (ခေါ်) အင်ဒိုင်းဆည်မှ ဆည်ရေလုံလောက်စွာမရရှိသဖြင့် တောင်သူများအခက်တွေ့နေရကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများထံမှ စုံစမ်းသိရှိရသည်။ 

ခုံတိုးမြို့သာကျေးရွာအုပ်စု၊ မြောက်စည်းကျေးရွာအုပ်စု၊ ကျော်ရွာကျေးရွာ အုပ်စု၊ တောင်စည်းကျေးရွာအုပ်စုနှင့် ရွာစည်ရွာသာကျေးရွာအုပ်စု ၅ အုပ်စု အောက်ရှိ ကျေးရွာ ၉ ရွာမှ လယ်ဧက ၆ ထောင် စိုက်ပျိုးရေရရှိရေး မြောင်းချောင်းချောင်းမှ ရေကိုသွယ်ယူရရှိနိုင်ရေးအတွက် ဆည်ရေသွင်းမြောင်းကို ဆည်မြောင်းဦးစီးဌာနက တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆည်ရေမြောင်းကို ၂၀၁၈ ခုနှစ် နွေရာသီကာလက တည်ဆောက်ပေးခဲ့ပြီး မိုးရာသီကာလ ချောင်းမှ ရေစီးဆင်းချိန်တွင် တည်ဆောက်ထားသည့် ဆည်မှ ရေကိုလုံလောက်စွာ မရရှိခြင်းကြောင့် တောင်သူများ၏လယ်ယာများ ချောင်းရေဖြင့် စိုက်ပျိုးနိုင်ခြင်းမရှိသေးကြောင်း ရွာစည်ရွာသာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြီးလွင်က ရှင်းပြပြောဆိုသည်။

“နှစ်တိုင်း ဇူလိုင် ၁၀ ရက်ဆိုရင် အားလုံးကောက်စိုက်လို့ ပြီးပြီ။ ဒီနှစ် ကျတော့ မြောင်းကနေ ရေပုံမှန်မဝင်တော့ ဩဂုတ်လလယ်မှ စိုက်လို့ပြီးတယ်။ စိုက်ခဲ့ရတဲ့ လယ်တွေက မြောင်းရေက နည်းနည်း မိုးရေက များများဗျ”ဟု ဆည်တောရွာမှ တောင်သူ ဦးမြင့်မောင်က ပြောဆိုသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ကလေးမြို့နယ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဦးစီးအရာရှိမရှိသည့်အတွက် စာတင်မေးမြန်းပြီး အထက်မှ ညွှန်ကြားချက်ရမှသာ ပြန်လည်ဖြေကြားနိုင်မည်ဖြစ်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေ ကြားခဲ့သည်။

R-20