News

POST TYPE

LOCAL

မင်းဘူးမြို့ရှိ ဈေးဟောင်းနေရာတွင် အသစ်တည်ဆောက်မည်
04-Sep-2018 tagged as ဈေး မကွေး



မကွေး၊ စက်တင်ဘာ ၃

မကွေးတိုင်း မင်းဘူးမြို့ရှိ ဈေးဟောင်းနေရာတွင် ကျပ်သိန်း ၂ သောင်းကျော် ကုန်ကျမည့် ဈေးအသစ်တစ်ခု ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း အဆိုပါဈေး ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးမစ်ကီးက ပြောကြားသည်။

အဆိုပါဈေးဟောင်းမှာ မင်းဘူးမြို့ အမှတ် (၂) ရပ်ကွက်၊ ကမ်းနားလမ်းတွင်ရှိပြီး မိုးတွင်းတွင် ဈေးအတွင်းသို့ ရေများ နှစ်စဉ်ဝင်ရောက်သဖြင့် ၁၉၉၂ ခုနှစ်က အဆိုပါဈေးကြီးကို ဖျက်သိမ်းကာ အမှတ် (၃)ရပ်ကွက်တွင် ဈေးအသစ်တည်ဆောက်ခဲ့ကြောင်း လက်ရှိသုံးနေသည့်ဈေးမှာ ကျဉ်းမြောင်းခြင်းနှင့် ဆိုင်ခန်းခနှုန်းထားများ မြင့်တက်ခြင်းကြောင့် ဈေးသစ်ဆောက်ရန် လုပ်ဆောင်ရန်ဖြစ်ကြောင်း မင်းဘူးမြို့မှ ဈေးဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင်များထံမှ သိရသည်။

“ဒေသခံတွေက ဈေးအဟောင်းနေရာမှာ ပြန်ပြီးစည်ကားလာဖို့ ဈေးအသစ်ဆောက်ဖို့ တင်ပြတဲ့အခါ အရင်တုန်းက ရေတက်တဲ့အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဝိုင်းပြီးစဉ်းစားကြပါတယ်။ ပြည်သူတွေသိဖို့ ပွင့်လင်းမြင်သာမှုရှိအောင် ချပြနေတာပါ”ဟု မကွေးတိုင်းဒေသကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက ပြောကြားသည်။

အဆိုပါဈေးသစ်ကို တစ်ထပ်ဆိုင်ခန်းများအဖြစ်သာ တည်ဆောက်မည်ဖြစ်ပြီး ကုန်စုံဆိုင် ၁၇၁ ခန်း၊ စားသောက်ဆိုင် ၂၁ ခန်းနှင့် ပျံကျဈေးဆိုင်ခန်း ၁၅၆ ခန်း ပါဝင်မည်ဖြစ်ကြောင်း ကုန်စုံဆိုင်ခန်း တစ်ခန်းလျှင် ကျပ် ၈၅ သိန်း၊ စားသောက် ဆိုင်တစ်ခန်းလျှင် ကျပ် ၁၁၅ သိန်းမှ ၁၄၅ သိန်းဝန်းကျင်နှင့် ပျံကျဈေးဆိုင် တစ်ခန်းလျှင် ကျပ် ၁၀ သိန်းဝန်းကျင်ခန့် သတ်မှတ်ထားကြောင်း အဆိုပါဈေးဖြစ်မြောက် ရေးကော်မတီအဖွဲ့ထံမှ သိရသည်။

“ဈေးဟောင်းမြေနေရာကြီး လစ်လပ်နေတာက နှမြောစရာကြီး ဖြစ်နေတယ်။ ဒီနေရာကို ဘာမှမလုပ်ကြဘူး။ အဲဒါကြောင့် ဈေးအသစ်တစ်ခုဖြစ်လာဖို့အတွက် ကြိုးစားကြတာပါ”ဟု ဈေးဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမစ်ကီးက ဆိုသည်။

လက်ရှိမင်းဘူးဈေးကြီးရှိ ပျံကျဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ ခန့် ဈေးပေါက်နေပြီး အဆိုပါ ဆိုင်ခန်းဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုဈေးသစ်တွင် ရောင်းချမည့် ဈေးဆိုင်ခန်းများသည် ဈေးနှုန်းချိုသာကြောင်း ၎င်းက ရှင်းပြသည်။

“စစ်အစိုးရလက်ထက်က ရွှေ့ပြောင်းသွားတဲ့ ကွက်လပ်ကြီးကို ဈေးပြန်လည်ဖြစ်စေချင်တယ်။ ရပ်ကွက်သူ ရပ်ကွက်သားတွေက ဒီဈေးပြန်လည်ဖြစ်လာဖို့ ကြိုးစားခဲ့ကြတာ။ ဈေးပြန်လည်ဆောက်ဖို့ တာဝန်ရှိသူတွေကို တင်ပြတဲ့အခါ ခွင့်ပြုလို့ လုပ်ဖြစ်ကြတာပါ”ဟု မင်းဘူးမြို့၊ အမှတ် ၂ ရပ်ကွက်နေ ဦးမြင့်ခိုင်က ပြောကြားသည်။

အဆိုပါဈေးသစ်ကို စတင်တည်ဆောက်ရန် အချိန်ကာလကို မသိရသေးသော်လည်း အစိုးရအဖွဲ့၏ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေပြီး ခွင့်ပြုမိန့်ကျပါက စတင်တည်ဆောက်မည်ဖြစ်ကြောင်း ဈေးဖြစ်မြောက်ရေး ကော်မတီအဖွဲ့ထံမှ သိရသည်။ 

R-23