News

POST TYPE

LOCAL

မန္တလေးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး လှုပ်ရှား
03-Sep-2018

မန္တလေး၊ စက်တင်ဘာ ၃

မန္တလေးမြို့တော်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးလှုပ်ရှားမှုကို မနော်ရမ္မံကစားကွင်းအနီး လူထုဟစ်တိုင်ကွင်းရှေ့တွင် စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်း၊ အရက်သေစာ သောက်စားမောင်းနှင်ခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း မလိုက်နာခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများဖြစ်ရကြောင်း၊ အဆိုပါဖြစ်ရပ်များကို သတိပေးသည့်အနေနှင့် ယခုကဲ့သို့ ကမ်ပိန်းလုပ်ရခြင်းဖြစ်ကြောင်း အဆိုပါလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်သူ ရုပ်ရှင်သရုပ်ဆောင် ကျော်သူက ပြောကြားသည်။

“အသိပေးလှုပ်ရှားမှုတွေလုပ်ဖို့ အရေးကြီးတယ်။ ဒါမှလည်း လူတွေနားထဲ ကိုရောက်မှာ။ လိုက်နာကျင့်သုံးရမယ် ဆိုတာကိုသိမှာ။ နို့မို့ဆို စက်ဘီးစီးတတ်တယ်ဆိုပြီး ဆိုင်ကယ်စီးနေကြတော့ မဖြစ်သင့်တာတွေ ဖြစ်တာ”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါလှုပ်ရှားမှုကို သာသနာ့ ပါလလူမှုကူညီရေးအသင်း (မန္တလေး) နှင့် King of Burma (MC) တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး ရုပ်ရှင်သရုပ်ဆောင် ကျော်သူနှင့်အတူ ညီဂျော်လည်း ပူးပေါင်းပါဝင်ခဲ့သည်။

ယင်းကမ်ပိန်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များနှင့် ဆိုင်ကယ်စီး ဦးထုပ် အလုံး ၃၀၀ ဝေငှပေးခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ကျော်သူ၊ ညီဂျော်တို့က အသိပညာပေး ဟောပြောခဲ့သည်။

“များများလုပ်ပေးဖို့လိုတယ်။ ဆိုင်ကယ်စီးတဲ့သူတိုင်း ဦးထုပ်ဆောင်းအောင် အကြိမ်ကြိမ်အဖန်ဖန် အမြဲတမ်း သတိပေးနေရမှာပါ”ဟု ညီဂျော်က ပြောဆိုသည်။

ရုပ်ရှင်သရုပ်ဆောင် ကျော်သူနှင့် ညီဂျော်တို့အနေနှင့် ယခုကဲ့သို့သော ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးလှုပ်ရှားမှုကို မုံရွာမြို့တွင် ပြုလုပ်ခဲ့ပြီးဖြစ်ကာ ယခုမန္တလေးမြို့တွင် လုပ်ဆောင်ခြင်းဖြစ်သည်။

M-07