News

POST TYPE

LOCAL

ရတနာ့ဂူပွဲ လုံခြုံရေးအင်အား ၄၀ ကျော်အသုံးပြု


မန္တလေး၊ စက်တင်ဘာ ၂

အမရပူရမြို့နယ်တွင်ရှိပြီး နတ်ကိုးကွယ်ယုံကြည်သူများ လာရောက်လေ့ရှိသော ရတနာ့ဂူပွဲကို စက်တင်ဘာလ ၂ ရက်နေ့က စတင်ကာ ၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကာ လုံခြုံရေးအင်အား ၄၀ ကျော်အသုံးပြုထားကြောင်း ရတနာ့ဂူ မြတ်စွာဘုရား ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်စိုးက ပြောကြားသည်။

ပွဲတော်ကျင်းပသည့် အောက်နန်းတွင် ခရိုင်ဒုစရိုက်နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ၊ ပြည်ကြီးတံခွန်နှင့် အမရပူရမြို့နယ် ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်၊ အရန်မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီအဖွဲ့တို့ကလည်း လုံခြုံရေးယူပေးထားသည်ဟု ၎င်းက ပြောဆိုသည်။

“ငယ်တိုးအုပ်ချုပ်ရေးမှူးရုံးမှာ ဗဟိုရဲကင်းဆိုတာရှိတယ်။ အဲဒီကနေမှ ပတ်ကင်းပေါ့။ အထက်နန်း၊ အလယ်နန်း၊ အောက်နန်းကို ပတ်နေမှာ”ဟု ဦးခင်မောင်စိုးက ရှင်းပြသည်။

အထက်နန်းနှင့် အောက်နန်းအကြားတွင် ဒုဋ္ဌဝတီမြစ်စီးဆင်းနေရာ ငှက်လှေစီးသူများအတွက် အရန်မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီအဖွဲ့က ရေကင်းလှည့်ပေးနေပြီး လိုအပ်ပါက ရဲတပ်ဖွဲ့က ငှက်လှေများဖြင့် လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ပွဲတော်ရက်အတွင်း နတ်သဘင်ဖွင့်ပွဲ၊ နတ်နန်းတက်ပွဲ၊ နတ်ချော့ပွဲ၊ ထိန်ခုတ်ပွဲ၊ ချိုးရေတော်သုံးခြင်း၊ ပုပ္ပါးမယ်တော်ပို့ခြင်းများ ပြုလုပ်ပြီးပါက ဝါခေါင်လကွယ်နေ့ (စက်တင်ဘာ ၉ ရက်) တွင် ပင့်သံဃာအပါး ၁၅၀ ကို ဆွမ်းဆက်ကပ် လှူဒါန်းမည်ဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီထံမှလည်း သိရသည်။

ရတနာ့ဂူပွဲကို မြန်မာသက္ကရာဇ် ၇၄၅ ခုနှစ်မှစတင်ကာ ဘုရားပွဲအဖြစ် ကျင်းပခဲ့ခြင်းဖြစ်သော်လည်း ၁၂၈၅ ခုနှစ်တွင် နန်းမတော်မယ်နုနှင့် ၎င်း၏မောင် စလင်းမြို့စားမောင်အိုတို့ဦးစီးကာ နတ်ကွန်းနတ်နန်းများထိုး၍ ကျင်းပခဲ့ရာမှ လက်ရှိအချိန်အထိ နတ်ပွဲအဖြစ်သာ လူသိများလာခဲ့တော့သည်။

၂၀၁၇ ခုနှစ်က H1N1 ကူးစက်ရောဂါ ကြောင့် မန္တလေးတိုင်းအတွင်း ပွဲတော်ကျင်းပခြင်းမလုပ်ရန် တိုင်းအစိုးရက တားမြစ်ခဲ့သော်လည်း ရိုးရာအစဉ်အလာ မပျက်စေရန် ဆိုင်းမတီးဘဲသီချင်းဖွင့်ကာ ကျင်းပခဲ့ရသည်ဟု အဆိုပါပွဲသို့ နှစ်စဉ်လာရောက်သူအချို့ထံမှ သိရသည်။ 

နှစ်စဉ်ကျင်းပသည့် ရတနာ့ဂူပွဲတော်တွင် ၂၀၁၆ ခုနှစ်က အလှူငွေ ကျပ်သိန်း ၅၀၀ ကျော်ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အလှူငွေကျပ်သိန်း ၇၀ ရရှိခဲ့ကြောင်း ရတနာ့ဂူမြတ်စွာဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။  

M-07