News

POST TYPE

LOCAL

ပုဂံအမွေအနှစ်စီမံခန့်ခွဲရေး ကော်မတီကို တရားစွဲရန် ရှေးသုပညာရှင်များပြင်ဆင်
03-Sep-2018
မန္တလေး၊ စက်တင်ဘာ ၂

ပုဂံအမွေအနှစ် စီမံခန့်ခွဲရေး ကော်မတီအနေနှင့် စီမံခန့်ခွဲမှုအလွဲများကို ပြန်လည်ပြင်ဆင်ခြင်း မရှိသည့်အတွက် တရားစွဲဆိုနိုင်ရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံရှေးဟောင်း သုတေသနပညာအသင်း အတွင်းရေးမှူး ဦးသူရအောင်က ပြောကြားသည်။ 

ပုဂံဒေသ အာနန္ဒာဘုရားရှေ့တွင် ကွန်ကရစ်လမ်းခင်းဖြင်း၊ ဓမ္မရံကြီးနှင့် အခြားဘုရားများတွင် ပန်းခြံများဆောက်လုပ်ခြင်း၊ ရှုခင်းကြည့် လူလုပ်ကုန်းများ ဆောက်မှုကြောင့် ရှေးဟောင်းနေရာမြင်ကွင်းများ ပျက်စီးစေခြင်းနှင့် ဒေသသဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေခြင်း၊ ယူနက်စကိုထံ တင်သွင်းထားသည့် ရှေးဟောင်းဇုန်အတွင်း ဟိုတယ်များဆောက်လုပ်နေခြင်း၊ ရှေးဟောင်းသရပါတံတားကြီးမှနေ၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားခဲ့သည်ကို ပြန်လည်ခွင့်ပြုပေးခြင်း၊ သရပါတံခါးအနီးတွင် မြက်စိုက်ခြင်းများ ပြုလုပ်နေကြောင်း၊ ၁၉၉၈ ဥပဒေအရ ရှေးဟောင်းမြင်ကွင်းကို ပျက်စီးစေနိုင်သည့် အဆောက်အအုံတစ်ခုဆောက်လုပ်ပါက အဆိုပါ အဆောက်အအုံကို ဖျက်သိမ်းစေပြီး မူလပုံသဏ္ဌန်ဖြစ်စေရန် ပြန်လည်ဆောင်ရွက်ရမည်ဟုပါရှိကြောင်း၊ လက်ရှိတွင် လူလုပ်ကုန်းများကို ဖျက်ဆီးခြင်းမရှိသည့်အပြင် မင်းနန်းသူရွာအနီးရှိလူလုပ်ကုန်းကို အုတ်ရိုးဖြင့် ကာရံနေသည်ကို တွေ့ရကြောင်း၊ ယင်းသို့လုပ်ဆောင်သည်မှာ ပုဂံစီမံခန့်ခွဲရေး ကော်မတီအနေနှင့် တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များကိုလိုက်နာရန် ပျက်ကွက်ခြင်းပင်ကြောင်း ၎င်းက ပြောဆိုသည်။

“ယဉ်ကျေးမှုအမွေအနှစ်ဆိုတာ တစ်ခါပျက်စီးသွားရင် အစားပြန်မရဘူး။ စီမံခန့်ခွဲမှုအမှားတွေကြောင့် တိုင်းပြည် အမွေအနှစ်ဆုံးရှုံးတယ်။ ပုဂံက တိုင်းပြည်ရဲ့ ရတနာပဲ။ တစ်ဦးတစ်ယောက်က ပုဂံ ဘုရားတွေပေါ်မှာ စာရေးသွားတယ်။ ဒါက သူတစ်ယောက်တည်းလုပ်တာ။ ဒါပေမဲ့ စီမံခန့်ခွဲမှုအမှားကြောင့်ဆိုရင် အမွေအနှစ်တွေ အများကြီးပျက်စီးမယ်။ ပြည်သူတစ်ဦးလုပ်လိုက်တဲ့အမှားထက် အများကြီးပိုတယ်”ဟု ဦးသူရအောင်က ရှင်းပြသည်။

ပုဂံစီမံခန့်ခွဲရေး ကော်မတီအနေနှင့် တည်ဆဲဥပဒေများ၊ နိုင်ငံတကာ ကွန်ဗန်းရှင်းပါ အချက်အလက်များကို လေးစားလိုက်နာလိုကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၀-က တွင် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဆိုသော ပြဋ္ဌာန်းချက်ကို လေးစားလိုက်နာရန်လိုကြောင်း မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်းက ဩဂုတ်လ ၃၁ နေ့ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန် တောင်းဆိုထားသည်။

“ဥပဒေကြောင်းအတိုင်းဖြစ်ဖို့ ညှိနှိုင်းပြင်ဆင်တာတွေလုပ်နေတယ်။ တရားကတော့စွဲမယ်။ စွဲဖို့လည်း ပြင်နေပါပြီ”ဟု ဦးသူရအောင်က ထပ်မံပြောကြားသည်။

မြန်မာနိုင်ငံရှေးဟောင်းသုတေသန ပညာအသင်း၏ ကြေညာချက်နှင့်ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဒုတိယညွန်ကြားရေးမှူး ဦးစိုးစိုးလင်းက “ဒီကိစ္စနဲ့ပတ်သက်ပြီး အများကြီးပြော စရာမရှိပါဘူး။ ပုဂံအပေါ်မှာ ရှေးဟောင်း သုတေသနပညာရှင်တွေအမြင်နဲ့ စီမံခန့်ခွဲတဲ့သူတွေရဲ့အမြင် ဒီနှစ်ခုကွာတယ်လို့ ပဲပြောနိုင်ပါတယ်”ဟု ပြောကြားသည်။

လက်ရှိတွင် ပုဂံဒေသကို ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဒေသဖြစ်ရန် ယူနက်စကိုသို့ အဆိုပြုလွှာတင်သွင်းထားရာ ယခုလလယ်ပိုင်းတွင် အမွေအနှစ်နှင့်ယဉ်ကျေးမှု ဒေသများဆိုင်ရာ နိုင်ငံတကာကောင်စီ ICOMOS မှ တာဝန်ရှိသူများ လာရောက်စစ်ဆေးရန်ရှိနေသည်။ 

M-05


  • VIA