News

POST TYPE

LOCAL

ဘဏ်အကောင့်များဖောက်ထွင်း၍ ငွေလိမ်ထုတ်သည့် နိုင်ဂျီးရီးယားနိုင်ငံသား အပါအဝင် သုံးဦးကို ထပ်အမှုဖွင့်
03-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၂

ကမ္ဘောဇဘဏ်ခွဲ (KBZ) တွင် ဘဏ်စာရင်းဖွင့်ထားသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ အကောင့်ကို Hack (ဖောက်ထွင်းဝင်ရောက်) ၍ မှတ်ပုံတင်အတုဖြင့် ငွေများထုတ်ယူသွားသော နိုင်ဂျီးရီးယား နိုင်ငံသားအပါအဝင် သုံးဦးကို ရာဇသတ်ကြီး ပုဒ်မသုံးခုဖြင့် ထပ်မံအမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈/၄၇၁ တို့ဖြင့် ဩဂုတ်လ ၃၀ ရက်နေ့က ထပ်မံ အမှုဖွင့်အရေးယူထားသူသုံးဦးမှာ နိုင်ဂျီးရီးယားနိုင်ငံသား Mayowa Joseoph Olaniram နှင့် Nandi Chima Desmond၊ အသက် ၂၅ နှစ် မလမင်းချို (ခ) မဆွေဆွေသန့်တို့ဖြစ်ပြီး ၎င်းတို့အမှုကို စီအိုင်ဒီက ကိုင်တွယ်စစ်ဆေးရာမှ ဘဏ်အကောင့်များ Hack ၍ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ နိုင်ငံသား စိစစ်ရေးကတ် မှတ်ပုံတင်အတုဖြင့် ငွေများကို ထုတ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ပုဒ်မသုံးခုဖြင့် အမှုဖွင့်ခံရသူထဲတွင် ပါဝင်သူ မလမင်းချို (ခ) မဆွေဆွေသန့်မှာ နိုင်ဂျီးရီးယားနိုင်ငံသားက ပြုလုပ်ပေးသည့် မှတ်ပုံတင်အတုဖြင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ကမ္ဘောဇဘဏ် (KBZ) တွင် ဖွင့်လှစ်ထားသော ဘဏ်အကောင့်များကို Hack ၍ ၎င်း၏ ဘဏ်အကောင့်ထဲသို့ ငွေများ ခိုးယူလွှဲပြောင်းကာ စမ်းချောင်းမြို့နယ်ရှိ KBZ ဘဏ်ခွဲမှ ကျပ်သိန်း ၁၈၀ ကို နှစ်ကြိမ်ခွဲ ထုတ်ယူခဲ့သည်။

“ဒီအမှုက IT နည်းပညာတွေ ပါတာမို့ အမှုဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စစ်ဆေးနိုင်အောင် စီအိုင်ဒီထံ လွှဲပြောင်းခဲ့တယ်။ စစ်ဆေးပေါ်ပေါက်ချက်အရ မှတ်ပုံတင်အတုမှန်းသိလျက်နဲ့ မလမင်းချိုက အသုံးပြုပြီး ဘဏ်တွေကနေ ငွေထုတ်ယူပေးခဲ့တယ်။ သူတို့သုံးယောက်ကို ဇူလိုင်လက မင်္ဂလာတောင်ညွန့် ရဲစခန်းမှာ ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်အရေးယူထားပြီး အခုထပ်ပြီးတော့ လိမ်လည်အတုပြုလုပ်မှုတွေနဲ့ ထပ်အမှုဖွင့်တာပါ”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အဆိုပါ အမှုဖွင့် အရေးယူထားသူများမှာ မင်္ဂလာတောင်ညွန့်၊ ကမာရွတ်နှင့် လမ်းမတော်မြို့နယ်တို့တွင်ရှိသော ကမ္ဘောဇဘဏ်ခွဲ (KBZ) များမှ ငွေများ လိမ်လည်ထုတ်ယူခဲ့သောကြောင့် ယခုနှစ် ဇူလိုင်လက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဂ) ဖြင့် အမှုဖွင့်အရေးယူထားပြီး မလမင်းချို အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်မှာ ထုတ်ပေးထားခြင်း မရှိကြောင်း မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေး ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ အကြောင်းပြန်စာ ရရှိမှုကြောင့် ၎င်းတို့ကို ပုဒ်မ ၄၂၀/၄၆၈/၄၇၁ ဖြင့် ထပ်မံအမှုဖွင့်အရေးယူခဲ့ကြောင်း ရဲအရာရှိက ဆက်လက်ပြောကြားသည်။

ယင်းအမှုဖြစ်စဉ်မှာ သာကေတမြို့နယ်၊ ၁၀/မြောက် ရပ်ကွက်ရှိ ရှမ်းရွှေတောင် စားသောက်ကုန်လုပ်ငန်းပိုင်ရှင် ဦးမျိုးဝင်းအောင်အမည်ဖြင့် ဖွင့်လှစ်ထားသော ဘဏ်အကောင့်ကို Hack ၍ လမင်းချိုအမည်ဖြင့် ဘဏ်အကောင့်က ဇူလိုင်လ ၁၇ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းကွင်းဘေးရှိ ကမ္ဘောဇဘဏ်ခွဲ (KBZ) မှ ငွေကျပ် သိန်း ၁၈၀ ထုတ်ယူသွားကြောင်း စစ်ဆေးတွေ့ရှိသဖြင့် စီးပွားရေးလုပ်ငန်းရှင်၏ အတိုင်ပင်ခံဖြစ်သူ ဦးမြင့်အောင်က တရားလိုပြု အမှုဖွင့်တိုင်ကြားခဲ့သည်။

အလားတူ ကမာရွတ်မြို့နယ် ကမ္ဘောဇဘဏ်ခွဲ (၁) တွင် ဇူလိုင်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့များက စီးပွားရေးလုပ်ငန်းရှင် ဦးမျိုးဝင်းအောင်၏ မန္တလေးမြို့ ကမ္ဘောဇဘဏ်ခွဲ (၄) တွင် ဖွင့်လှစ်ထားသော ဘဏ်အကောင့်ကို Hack ပြီး မမေသီတာစိုးအမည်ဖြင့် ဘဏ်အကောင့်က ကျပ်သိန်း ၄၈၀ ထုတ်ယူခဲ့ပြီး လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ကမ္ဘောဇဘဏ်ခွဲတွင် ဇူလိုင်လ ၁၇ ရက်နေ့က ဦးမျိုးဝင်းအောင်၏ မန္တလေးမြို့ ကမ္ဘောဇဘဏ်ခွဲ (၄) တွင် ဖွင့်လှစ်ထားသော ဘဏ်အကောင့်ကို Hack ပြီး ဒေါ်ခင်ရတနာဦးအမည်ဖြင့် ဘဏ်အကောင့်မှ ကျပ်သိန်း ၃၀၀ ထုတ်ယူသွားကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

S-03


  • VIA