News

POST TYPE

LOCAL

မကွေးတိုင်း လင်းယုန်စစ်ဆင်ရေးစမည်
မကွေး၊ စက်တင်ဘာ ၂

မကွေးခရိုင်အတွင်း မှုခင်းများ လျော့နည်းပပျောက်စေရန်ရည်ရွယ်ပြီး လင်းယုန်စစ်ဆင်ရေးကို စက်တင်ဘာလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မကွေးခရိုင်အတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးအမှုများနှင့် အခြားအမှုများကို တားဆီးနှိမ်နင်းရန်အတွက် မကွေးနှင့် တောင်တွင်းကြီးမြို့တို့တွင် မကွေးတိုင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များအပါအဝင် အင်အား ၂၀၀ ကျော်ပူးပေါင်း၍ စစ်ဆင်ရေးပြုလုပ်မည်ဖြစ်ကြောင်း မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါစစ်ဆင်ရေးအတွင်း ယင်းမြို့များ၏ မြို့အဝင်လမ်းများနှင့် ရပ်ကွက်များတွင် သွားလာနေကြသည့် ယာဉ်များကို စစ်ဆေးခြင်းများဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက အသိပေးပြောကြားသည်။

“မကွေးမြို့မှာလည်း ရဲတပ်ဖွဲ့ဝင်တွေကိုတောင် ခုခံလာတဲ့ အနေအထားတွေ ဖြစ်လာလို့ တိုင်းတပ်ဖွဲ့မှူးရဲ့ ညွှန်ကြားချက်အရ လုပ်ဆောင်တာပါ”ဟု မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယခရိုင်မှူး ရဲမှူးစိုးဝင်းက ပြောဆိုသည်။

ယခုစီမံချက်ပြုလုပ်ရခြင်းမှာ မကွေးခရိုင်အတွင်း လုယက်မှုနှင့် ခိုးမှုများများ ပြားလာခြင်းကို တားဆီးကာကွယ်ရန် ပြုလုပ်ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဩဂုတ်လကုန်ထိ မကွေးမြို့နယ်တွင် လူသတ်မှု ၂၅ မှု၊ မုဒိမ်းမှု ၁၈ မှု၊ မူးယစ်ဆေးဝါးမှု ၂၄ မှု၊ လုယက်မှု ၄ မှုနှင့် ခိုးမှု ၁၅၀ နီးပါးခန့်ဖြစ်ပွားခဲ့ကြောင်း မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

R-23