News

POST TYPE

LOCAL

မယားအဖြစ် လက်ထပ်ယူမည်ဟုဆိုကာ ငွေပေးဝယ်ယူသူ တရုတ်နိုင်ငံသားကို ရန်ကုန်လေဆိပ်တွင် ဖမ်းမိ
02-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၁

အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးကို မယားအဖြစ် လက်ထပ်ယူမည်ဟုဆိုကာ ငွေပေးဝယ်ယူ ခေါ်ဆောင်သူ အသက် ၂၆ နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦး ရန်ကုန်လေဆိပ်တွင် ဩဂုတ်လ ၃၁ ရက် နံနက် ၉ နာရီခွဲခန့်က ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

တရုတ်နိုင်ငံ၊ ဟဲနန်ပြည်နယ်၊ ကွမ်ရွန်ခရိုင်၊ ပိန်ရှန်တရန့်မြို့နယ်၊ ဟယ်ကျိုက်ရွာ တောင်ပိုင်းတွင်နေထိုင်သူ အသက် ၂၆ နှစ် အရွယ် HeYingle သည် လွန်ခဲ့သော ၃ လခန့်က ကျောက်တန်းမြို့နယ်၊ ဆိပ်ကြီးကွင်း အနောက်ပိုင်းရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်ပြီး အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးကို မယားအဖြစ်ဝယ်ယူရန် ဆောင်ရွက်ခဲ့ကာ ဩဂုတ်လ ၂၂ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာ၍ ၎င်းဝယ်ယူရရှိသည့် မိန်းကလေးနှင့် ဟိုတယ်တွင် သွားရောက်အိပ်စက်ခြင်း၊ တရုတ်နိုင်ငံသို့ခေါ်ယူရန် နိုင်ငံကူးလက်မှတ် စာအုပ်လျှောက်ထားခြင်းများ ပြုလုပ်ခဲ့ကြောင်း အမှုဖွင့် တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှသိရသည်။

“ကောင်မလေးရဲ့ရည်းစားက လေဆိပ်လိုက်လာပြီး ဆွဲလားရမ်းလား လုပ်ရာက သိခဲ့ရတာ။ လေဆိပ်ရဲက ခေါ်စစ်ဆေးတော့ တရုတ်မယားအဖြစ် ရောင်းစားခံရတာကို သိသွားတာ။ အဲဒါနဲ့ လေဆိပ်ရဲကနေ ဖမ်းပြီး ကျောက်တန်းမြို့နယ် ရဲတပ်ဖွဲ့ကိုအပ်၊ ပြီးမှ လူကုန်တားရဲတပ်ဖွဲ့ကို ခေါ်ယူစစ်ဆေးပြီး အမှုဖွင့်ခဲ့တာပါ။ ကောင်မလေးကို လေယာဉ်နဲ့ လားရှိုးခေါ်၊ အဲဒီကနေမှ တရုတ်နိုင်ငံကို ခေါ်သွားဖို့လုပ်တာ”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းမိန်းကလေးကို တရုတ်အမျိုးသားနှင့် လက်ထပ်ပေါင်းသင်းရန် ဆက်သွယ်ပေးသူ အမျိုးသမီးနှင့် တရားမဝင် ဝယ်ယူသူ တရုတ်အမျိုးသားတို့ကို ဥပဒေအရ အရေးယူပေးပါရန် ဒုရဲမှူးဝေလွင်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် ကျောက်တန်း မြို့မရဲစခန်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

“အဓိကကတော့ ဒီကကောင်မလေးတွေရဲ့ အဆင်မပြေမှုတွေကို အခွင့်ကောင်းယူပြီး လုပ်တာပါ။ တရုတ်အမျိုးသားကို လက်ထပ်ယူရင် ငွေဘယ်လောက်ရမယ်ဆို ပြီး စည်းရုံးတာ။ ဒီဘက်က မိန်းကလေးနဲ့ မိသားစုတွေကလည်း လက်ရှိအဆင်မပြေတာကို ဖြေရှင်းဖို့ ပေးစားတတ်ကြတယ်၊ ဟိုဘက်ရောက်ရင် ဘယ်လိုဖြစ်မယ်ဆိုတာ သူတို့မတွေးကြဘူး၊ အဲလိုနဲ့ လူကုန်ကူးခံရတာတွေများတယ်”ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

J-16


  • VIA