News

POST TYPE

LOCAL

ငွေ ၆၀၀၀ ပျောက်၍ သားသမီးများကို ဖခင်က ရိုက်နှက်ရာမှ သမီးသေဆုံး
02-Sep-2018

မကွေး၊ စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မဲဇလီပင်ကျေးရွာတွင် ဩဂုတ်လ ၃၀ ရက်နေ့က ငွေကျပ် ၆၀၀၀ ပျောက်ဆုံးသဖြင့် ဖခင်ဖြစ်သူက အမြွှာသားသမီးနှစ်ဦးကို ရိုက်နှက်မေးမြန်းရာမှ သမီးငယ်ဖြစ်သူ သေဆုံးခဲ့ကြောင်း မကွေးခရိုင် ရဲတပ်ဖွဲ့ထံမှသိရသည်။

ပိုက်ဆံပျောက်ဆုံးသဖြင့် မိခင်ဖြစ်သူ ဒေါ်လှဝင်းကြည်က သားဖြစ်သူ မောင်နန်းထက်အောင်ထံတွင် ကျပ်ငွေ ၁၀၀ တွေ့သည်ဟု ခင်ပွန်း ဦးခင်နိုင်ကို ပြောပြရာမှ ကလေးငယ်နှစ်ဦး ကျောင်းမှပြန်လာစဉ် ဖခင်ဖြစ်သူက ၂ ပင်လိမ် ပလတ်စတစ်ကြိုးဖြင့် ၅ နာရီခန့် ချုပ်နှောင်ကာ ဝါးခြမ်းပြားဖြင့် ရိုက်နှက်ခဲ့ကြောင်း အဆိုပါရဲတပ်ဖွဲ့ထံမှ သိရသည်။

ထိုသို့ရိုက်နှက်အပြီးတွင် သမီးငယ်ဖြစ်သူ အသက် ၈ နှစ်ရွယ်ရှိ မနန်းထက်ဝေက အပေါ့သွားချင်ကြောင်း ပြောပြသဖြင့် ကြိုးဖြေပေးနေစဉ် ငိုယိုပြီးအကြောတက်သွားရာမှ သတိပြန်လည်မလာတော့ဘဲ သေဆုံးသွားခဲ့ကြောင်း နတ်မောက်မြို့နယ် ရဲစခန်း၏ စစ်ဆေးချက်များအရ သိရသည်။

သေဆုံးသည့် ကလေးငယ်တွင် ဝဲယာဘက်တင်ပါးနှင့် ခြေသလုံးများတွင် အညိုအမည်းဒဏ်ရာများ တွေ့ရှိခဲ့ရပြီး ၎င်းသည် အကြောတက်ရောဂါရှိသဖြင့် မကြာခဏ ဆေးကုသမှုခံနေရကြောင်း မိခင်ဖြစ်သူ၏ ထွက်ဆိုချက်အရ နတ်မောက် မြို့နယ်ရဲစခန်းထံမှ သိရသည်။

ထိုသို့ကလေးငယ်တစ်ဦးကို သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့သည့် ဖခင်ဖြစ်သူ ဦးခင်နိုင်ကို နတ်မောက်မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကျော်ကျော်စိုးက ပ ၁၀၁/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄- က/၃၂၅ အရ အမှုဖွင့်အရေးယူထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-23