News

POST TYPE

LOCAL

နှစ်ရက်ခန့်ရပ်နားခဲ့သည့် ရန်ကုန်-မန္တလေး ရထားခရီးစဉ် ပြန်ပြေးဆွဲ
02-Sep-2018



ရန်ကုန်၊ စက်တင်ဘာ ၁

ရထားလမ်းရေကျော်ကာ တာပေါင်များ ပျက်စီးခဲ့၍ နှစ်ရက်ကြာရပ်နားထားသည့် ရန်ကုန်-မန္တလေး ရထားများကို ဩဂုတ်လ ၃၁ ရက်က ပြန်လည်ပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထား (တိုင်း-၇) သွားလာပို့ဆောင်ရေး၊ တိုင်းမန်နေဂျာ ဦးဇော်လွင်က ပြောကြားသည်။

ထိုသို့ပြေးဆွဲရာတွင် မန္တလေးမှလာသည့် ခရီးသည်များကို ဆွာဘူတာအထိ၊ ရန်ကုန်မှလာသည့်ခရီးသည်များကို ရေတာရှည်ဘူတာအထိ ပို့ဆောင်ခဲ့ပြီး ထိုမှ ဆွာနှင့်ရေတာရှည်ဘူတာကြား မော်တော်ယာဉ်ဖြင့်တစ်ဆင့် ပို့ဆောင်ကာ ရထားပြောင်းပေးခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“အမြန်ဆုံး ပြန်ပြေးဆွဲနိုင်အောင် ဝန်ထမ်းတွေက ကြိုးစားနေတာပါ။ ဆွာနဲ့ ရေတာရှည်ကြား ကားနဲ့တစ်ဆင့် သွားလို့ရအောင် မြန်မာ့တပ်မတော်က ကားတွေနဲ့ ဝိုင်းဝန်းကူညီပြီး ပို့ဆောင်ပေးတာပါ”ဟု ၎င်းက ဆိုသည်။

ဩဂုတ် ၂၉ ရက်က ဆွာရေလှောင်တမံ ကျိုးပေါက်၍ ရန်ကုန်-မန္တလေး လမ်းပိုင်း ရေတာရှည်မြို့နယ်ရှိ ကုန်းကြီးဘူတာနှင့် ဆွာဘူတာကြား ရထားလမ်းပေါ်သို့ ရေကျော်ခဲ့၍ တံတားအမှတ် ၃၀၅ မှာ ရေလည်တိုင်လဲပြီး တာပေါင်ပြုတ်ကျခဲ့သဖြင့် ရထားခရီးစဉ်များ ဩဂုတ်လ ၃၀ ရက်အထိ ယာယီရပ်နားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အမြန်ရထား ခြောက်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-နေပြည်တော် အစုန်၊ အဆန် နှစ်စင်း၊ ရန်ကုန်-မော်လမြိုင် အစုန်၊ အဆန် သုံးစင်းတို့ဖြင့် ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့မီးရထား၊ တိုင်း-၇ (သွားလာပို့ဆောင်ရေးဌာန) ထံမှ သိရသည်။

J-06