News

POST TYPE

LOCAL

မူးယစ်လျှော့ချရေး လူငယ်ချင်း ပညာပေးစနစ် လုပ်မည်
02-Sep-2018
ဘားအံ၊ စက်တင်ဘာ ၁

ကရင်ပြည်နယ်အတွင်း မူးယစ်ဆေး အလွဲသုံးစားမှုလျှော့ချနိုင်ရေးအတွက် လူငယ်မှ လူငယ်သို့ပညာပေးခြင်း စနစ်အဖြစ် လူငယ်အချင်းချင်း မူးယစ်ဆေးဝါး လျှော့ချနိုင်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းက ပြောကြားသည်။

အဆိုပါ ပညာပေးစနစ်ကို လူငယ်များနှင့် တိုက်ရိုက်ဆက်စက်မှုရှိသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးဌာန၊ လူမှုရေးအသင်းအဖွဲ့များ နှင့်ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

“ဒီကိစ္စက ဌာနဆိုင်ရာတွေကချည်း လုပ်လို့မရပါဘူး၊ အရပ်ဘက် အဖွဲ့အစည်းတွေကလည်း ပူးပေါင်း ပါဝင်ဖို့လိုပါတယ်၊ လူငယ်ကနေ လူငယ်ပညာပေးဖို့ လုပ်ဆောင်တယ်ဆိုရာမှာ သူတို့ကို မင်းတို့ ဒီပညာပေးလုပ်ငန်းသွားလုပ်ဆိုပြီး ခိုင်းတာမျိုး မဟုတ်ပါဘူး၊ သူတို့ကို တတ်ကျွမ်းနားလည်သူတွေနဲ့ စနစ်တကျ လေ့ကျင့်သင်ကြားပေးပြီးမှ ဒီလုပ်ငန်းကိုစမှာဖြစ်ပါတယ်”ဟု ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းက ပြောဆိုသည်။

မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့ချရေး လူငယ်မှလူငယ် ပညာပေး စည်းရုံးဆောင်ရွက်ရာတွင် ပထမခြေလှမ်းအနေနှင့် ဘားအံ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများကို စတင်ဆောင်ရွက်မည်ဖြစ်ပြီး ရပ်ကွက်များ အတွင်းသို့လည်း စည်းရုံးလှုံ့ဆော်မည် ဖြစ်သကဲ့သို့ မူးယစ်ဆေးဝါးသုံးစွဲမှုစစ်တမ်းများကိုလည်း ကောက်ခံမည်ဖြစ်ကြောင်း ပူးပေါင်းဆောင်ရွက်မည့် ကရင်ပြည်နယ် အရပ်ဘက် လူမှုအဖွဲ့အစည်း များ ကွန်ရက်ထံမှ သိရသည်။

“ဒီလုပ်ငန်းစဖို့ အစီအစဉ်ဆွဲထားတာ ဇူလိုင်လထဲမှ လုပ်ငန်းစတင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်၊ ဒါပေမဲ့ ကရင်ပြည်နယ် ရေဘေးအခြေအနေတွေကြောင့် အစီအစဉ်ကို နောက်ဆုတ်လိုက်ရတယ်၊ စက်တင်ဘာလလောက်မှာ စတင်ဖြစ်ဖို့ရှိပါတယ်၊ ပထမဦးဆုံးလူငယ် ၁၀၀၀ ကိုသင်တန်းပေးပြီး လုပ်ငန်းစတင်သွားမှာဖြစ်ပါတယ်၊ ဟောပြောစည်းရုံးမှုတွေအပြင် စစ်တမ်းတစ်ခုကိုလည်း ကောက်ယူသွားဖို့ စီစဉ်နေပါတယ်”ဟု ကရင်ပြည်နယ်အရပ်ဘက် လူမှုအဖွဲ့အစည်းများ ကွန်ရက်စီမံကိန်း ညှိနှိုင်းရေးမှူး စောထွန်းဝင်းမင်းက ပြောကြားသည်။

ကရင်ပြည်နယ်အတွင်း ဆေးခြောက်နှင့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးဝါးများ အဓိကအသုံးပြုနေကြပြီး ဘိန်းဖြူကို လုံးဝသုံးစွဲခြင်းမရှိကြောင်း စိတ်ကြွရူးသွပ်ဆေးဝါးအနေဖြင့် အစွန်အဖျား ကျေးရွာအများစုမှာ ယုံကြည်မှုလွဲမှားစွာဖြင့် သောက်ရေအိုးထဲ ထည့်သောက်သည်များကိုလည်း တွေ့ မြင်ရတွေ့နေရပြီး မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့ချနိုင်ရန်အတွက် သုံးစွဲသူဦးရေကို လျှော့ချနိုင်အောင် စည်းရုံးသင့်ကြောင်း ဒုရဲမှူးထွန်းထွန်းဦးက ဆိုသည်။ 

R-17


  • VIA