News

POST TYPE

LOCAL

အမ်စတာဒမ် ဘူတာရုံ ဓားထိုးမှုတွင် တရားခံကို ပစ်ခတ်ဖမ်းဆီး
02-Sep-2018



အမ်စတာဒမ်၊ စက်တင်ဘာ ၁

နယ်သာလန်နိုင်ငံ အမ်စတာဒမ် ဘူတာရုံကြီးတွင် သောကြာနေ့နံနက်က လူနှစ်ဦး ဓားထိုးခံရပြီးနောက် တရားခံကို ရဲက ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ဓားထိုးမှု ဖြစ်ပွားပြီးနောက် ဘူတာရုံအတွင်းသို့ မဝင်ကြရန် အာဏာပိုင်များက တားမြစ်ထားပြီး ပစ်ခတ်ဖမ်းဆီးရမိသော တရားခံကိုလည်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

သောကြာနေ့ မွန်းလွဲပိုင်းက အမ်ဒစတာဒမ် ဗဟိုဘူတာကြီး၏ အနောက်ဘက် ဥမင်ပလက်ဖောင်းတွင် လူတစ်ဦးက အခြားသူနှစ်ဦးကို ဓားဖြင့်ထိုးခဲ့ပြီးနောက် ချက်ခြင်းပင် ရဲက ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့သည်ဟု အမ်စတာဒမ် ရဲဌာန ပြောရေးဆိုခွင့်ရှိသူ ရော့ဘ်ဗန်ဒါဗင်းက ပြောကြားသွားသည်။

ဓားထိုးခံရသူနှစ်ဦးနှင့် သေနတ်ဒဏ်ရာရရှိသွားသော တရားခံတို့ကို ဒဏ်ရာများ ကုသရန်အတွက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ဓားထိုးမှုဖြစ်ရပ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်များကို အာဏာပိုင်များက ထုတ်ပြန်ခြင်း မပြုသေးသော်လည်း အကြမ်းဖက်ဝါဒ ဆက်စပ်နိုင်မှုကို ပယ်ချရန် မဖြစ်နိုင်သေးဟု အာဏာပိုင်များက ပြောကြားသည်။

ဓားဖြင့်တိုက်ခိုက်သူသည် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်ဟု မျက်မြင်သက်သေတစ်ဦးက အမ်စတာဒမ်အေတီ ရုပ်သံသို့ ပြောကြားသည်။ ဓားထိုးခံရသူတစ်ဦးမှာ နိုင်ငံခြားသားဖြစ်ပုံရပြီး လက်တွင် ဒဏ်ရာရရှိခဲ့သည်။

ဘူတာရုံအတွင်း၌ ရုတ်တရက် ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာပြီး လူများက ခန်းမထဲမှ ပလက်ဖောင်းများဆီသို့ ထွက်ပြေးခဲ့ကြသည်။ ဘယ်လိုဘယ်ပုံဖြစ်နေသနည်း ဆိုသည်ကို မည်သူမှ မသိကြပေ။ ရထားခရီးစဉ်များကလည်း ထုံးစံအတိုင်း ကြေညာနေသည်ဟု ဗောက်စခရန့် သတင်းစာက မျက်မြင်သက်သေများကို ကိုးကားပြီးဖော်ပြသည်။

ရထားပလက်ဖောင်းနှစ်ခုကို ရဲက ပိတ်ထားလိုက်သော်လည်း ဘူတာတစ်ခုလုံးကို ရှင်းလင်းဖယ်ရှားရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ ဘူတာကြီးရှေ့မှ ထွက်ခွာသောရထားများကိုမူ ရပ်ဆိုင်းထားသည်။ 

အမ်စတာဒမ် ဗဟိုဘူတာရုံကြီးတွင် နေ့စဉ် ခရီးသည် ၂၅၀,ဝ၀၀ ခန့် ဝင်ထွက်သွားလာနေသည်ဟု အမ်စတာဒမ် ခရီးသွားလမ်းညွှန်ဝက်ဘ်ဆိုက်က ဆိုသည်။

သောကြာနေ့တိုင်းသည် သီတင်းပတ်ကုန်ရက် ခရီးစဉ်များအတွက် ခရီးသွားဧည့်သည်များစွာ ရောက်ရှိလာလေ့ရှိသောကြောင့် အထူးသဖြင့် ဘူတာရုံအတွက် အလုပ်များသောအချိန်ဖြစ်သည်။ 

F-04