News

POST TYPE

LOCAL

သောင်တင်ကုန်တင်သင်္ဘောကို ပြန်လည်ဆွဲယူရန် ပိုင်ရှင်ထံ အကြောင်းကြား
02-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၁

မြန်မာ့ရေပြင်ပိုင်နက် (သုံးခွမြို့နယ်၊ သမ္မစိတ္တကျေးရွာအပြင်ဘက် ရေမိုင် ၇ မိုင် ခန့်အကွာတွင်) သောင်တင်နေသောကုန် တင်သင်္ဘောကို ပြန်လည်ဆွဲယူရန် သင်္ဘောပိုင်ရှင်ထံ အီးမေးလ်ပေးပို့ အသိပေးထားပြီး သင်္ဘောပြန်လည်ဆွဲယူရာတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ အခြားသော ထိခိုက်ဆုံးရှုံးမှုများရှိလျှင် ယင်းဆုံးရှုံးမှုတန်ဖိုးကို သင်္ဘောပိုင်ရှင်က ပေးဆောင်ရမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနထံမှ စုံစမ်းသိရှိရသည်။

တပ်မတော် (ရေ) ကမ်းရိုးတန်း စောင့်ကြည့်ရေဒါမှတ်တမ်းများကို စစ်ဆေးရာ ဩဂုတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့က ရန်ကုန်မြစ်ဝနှင့် စစ်တောင်းမြစ်ဝအကြား နေရာတစ်ဝိုက်တွင် ရေယာဉ်နှစ်စင်း၏ သံသယဖြစ်ဖွယ်လှုပ်ရှားမှုကို တွေ့ရှိခဲ့သောကြောင့် မြန်မာ့ပင်လယ်ပြင်အတွင်း စစ်ရေယာဉ်များဖြင့် ပိုက်စိပ်တိုက်ရှာဖွေခဲ့ရာ မြန်မာ့ကမ်းရိုးတန်းနှင့် မိုင် ၅၀ ခန့်အကွာ ပင်လယ်ပြင်တွင် တစ်ဖက်နိုင်ငံရေပြင်သို့ ဦးတည်ခုတ်မောင်းနေသာ Independence အမည်ရှိ ပင်လယ်သွား တွဲဆွဲရေယာဉ်ကို တွေ့ရှိ၍ ထိန်းသိမ်းခေါ်ဆောင် စစ်ဆေးမေးမြန်းရာ တွဲဆွဲရေယာဉ်ပိုင်ရှင်မှာ မလေးရှားနိုင်ငံမှဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံသား အမှုထမ်း ၁၃ ဦး အပါအဝင်ဖြင့် စစ်တောင်းမြစ်ဝအနီး သောင်တင်ခဲ့သည့် SAM RATULNGI အမည်ရှိ ကုန်တင်သင်္ဘောကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သင်္ဘောဖျက်စက်ရုံသို့ ပို့ဆောင်ရန် ဩဂုတ်လ ၁၃ ရက်နေ့က Independence အမည်ရှိ ပင်လယ်သွား တွဲဆွဲရေယာဉ်ဖြင့် တွဲဆွဲပြီး ထွက်ခွာလာစဉ် ဩဂုတ်လ ၂၆ ရက်နေ့က ရာသီဥတု ဆိုးရွားမှုကြောင့် တွဲဆွဲကြိုးအချို့ ပြတ်တောက်ပြီး ရေယာဉ်မှာ ရေစီးကြောင်းနှင့် အတူမျောပါခဲ့သဖြင့် ဆက်လက်သွားရောက်ရန် အခက်အခဲရှိနေသောကြောင့် သောင်တင်နေသည့်နေရာအနီးတွင် ထားရှိခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ 

SAM RATULNGI ကုန်တင်သင်္ဘောပေါ်တွင် သင်္ဘောသားများ မပါရှိဘဲ ရေယာဉ်ထိန်းချုပ်မောင်းနှင်ရေးအခန်းနှင့် ရေကြောင်းသွားလာမှုဆိုင်ရာ ပစ္စည်းကိရိယာများ၊ အင်ဂျင်နှင့် စက်ပစ္စည်းများမှာ ပင်လယ်ရေနှင့် ဆီအညစ်အကြေးများ ရောနှောဝင်ရောက်လျက်ရှိပြီး အသုံးပြုနိုင်မှုမရှိအောင် ဟောင်းနွမ်းပျက်စီး၍ စားသောက်ခန်းတို့တွင် ချက်ပြုတ်စားသောက်ထားသည့် အနေအထားမတွေ့ရှိခြင်း၊ အသက်ကယ်ဖောင်နှင့် အသက်ကယ်လှေများ အသုံးပြုထားသည့်ပုံစံ မတွေ့ရှိခဲ့ဘဲ စုံစမ်းချက်အရ ယင်းသင်္ဘောမှာ Palau နိုင်ငံ မှတ်ပုံတင်ဖြစ်ပြီး ရေယာဉ်ဦးပိုင်းတည့်တည့်တွင် တွဲဆွဲရာ၌အသုံးပြုသည့် ကေဘယ်ကြိုးနှစ်ချောင်းကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ထံမှသိရသည်။

အဆိုပါ ကုန်တင်သင်္ဘောတစ်စင်းပေါ်တက်၍ ပစ္စည်းများခိုးယူမှုဖြင့် ရေလုပ်သားရှစ်ဦးကို ဩဂုတ်လ ၃၁ ရက် ညပိုင်းက သုံးခွမြို့မရဲစခန်းမှ ခိုးမှုပုဒ်မဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ ဖြင့် အမှုဖွင့်အရေးယူခံရသော အမျိုးသားရှစ်ဦးမှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကျိုက္ကသာကျေးရွာမှ ရေလုပ်သားများဖြစ်ပြီး ၎င်းတို့အဖွဲ့မှာ သောင်တင်နေသည့် ကုန်တင်သင်္ဘောအနီးသို့ ငါးဖမ်းစက်လှေနှစ်စင်းဖြင့် သွားရောက်၍ သင်္ဘောပေါ်ရှိ ဂျပန်နိုင်ငံထုတ် GPS စက်တစ်လုံး၊ ဆက်သွယ်ရေး အထိုင်စက်တစ်လုံး၊ စကားပြောစက်နှစ်လုံး၊ သုံးမရသည့် တစ်ခန်းသုံး ရေခဲသေတ္တာသုံးလုံး၊ ကြိတ်သားဖြင့် ပြုလုပ်ထားသော သေတ္တာနှစ်လုံးနှင့် သင်္ဘောဗောကွင်းတို့ကို ယူဆောင်ထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရဲအရာရှိထံမှသိရသည်။ 

S-03



  • VIA