News

POST TYPE

LOCAL

ဆွာတမံ ရေပိုလွှဲကျိုး၍ လူလေးဦး သေဆုံး
02-Sep-2018
တောင်ငူ၊ စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ သိုင်းဝကျေးရွာအနီးရှိ ဆွာချောင်းတမံကျိုးပေါက်ခဲ့ခြင်းကြောင့် လူလေးဦး ရေနစ်သေဆုံးကာ သုံးဦးပျောက်ဆုံးနေကြောင်း ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်က ပြောကြားသည်။

လတ်တလော အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးရေနစ်သေဆုံးသည့် အလောင်းများကိုတွေ့ရှိထားပြီး သုံးဦးကို ဆက်လက်ရှာဖွေနေကြောင်း ၎င်းက ဆိုသည်။

ဩဂုတ်လ၂၉ ရက်နေ့ နံနက် ၄ နာရီ ခန့်က ဆွာမြို့ ဆွာချောင်းတမံရေထိန်း တံခါးကျိုးပေါက်ပျက်စီးခဲ့သည့်အတွက် ရေတာရှည်နှင့်ဆွာမြို့များမှ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၀ ကျော်ရေနစ်မြုပ်ခဲ့ပြီး ရေဘေးသင့်သူ ၆၀,ဝ၀၀ ကျော်ကို ရေလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

“အခုတော့ ရေဘေးစခန်းတွေတော့ ရုပ်သိမ်းလိုက်ပြီ”ဟု ဦးမင်းနိုင်အောင်က ပြောကြားသည်။

ဆွာချောင်းတမံကျိုး၍ လမ်းတံတား ပျက်စီးခဲ့မှုများကြောင့် ပိတ်ထားခဲ့ရသည့် ရန်ကုန်-မန္တလေးလမ်းသစ်နှင့် လမ်းဟောင်းများကို ဩဂုတ်လ ၃၁ ရက်နေ့က ယာဉ်များ ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်သည်။

“ရေတက်လာတာ အလုံးရင်းလိုက်ပဲ။ အခုတော့ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဘေးလွတ်ရာနေရာပို့ပြီး အိမ်စောင့်နေရတယ်။ ရေသတိပေးချက်တော့ မကြားမိဘူး”ဟု ရေတာရှည်မြို့နယ် မကျည်းခုံကျေးရွာနေ ဦးလှမြင့်က ဆိုသည်။

ဩဂုတ်လ ၂၉ ရက်မှ စက်တင်ဘာ လ ၁ ရက်နေ့အထိ ရေကြီးမှုကြောင့် ပျောက်ဆုံးနေသူ ၇ ဦးအနက် အမျိုးသား ၃ ဦးအလောင်းကို တွေ့ရှိခဲ့ပြီး ဩဂုတ်လ ၃၁ ရက်နေ့က ကိုယ်ဝန်သည် အမျိုးသမီးအလောင်းကို ထပ်မံတွေ့ရှိခဲ့သည်။ 

R-15


  • VIA