News

POST TYPE

LOCAL

စင်ကာပူနှင့် မြန်မာပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှု လေ့ကျင့်သင်ကြားရေးစီမံကိန်း စတင်
01-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၁

Singapore International Foun- dation (SIF)၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် Singapore Health Service (SingHealth) တို့ပူးပေါင်း၍ သုံးနှစ်တာ ကျန်းမာရေးစောင့်ရှောက်မှု လေ့ကျင့်သင်ကြားရေးစီမံကိန်းကို ဩဂုတ်လ ၃၁ နေ့မှစတင်လိုက်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး ဆေးပညာဌာနမှူး ပါမောက္ခ ဒေါက်တာခင်မျိုးလှက ပြောကြားသည်။

“ထိခိုက်ဒဏ်ရာ ရရှိမှုကြောင့်ဖြစ်တဲ့ ဝေဒနာဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ဆိုးဆိုးဝါးဝါး ထိခိုက်စေပြီး အသက်အန္တရာယ် ပေးနိုင်ပါတယ်။ အခုလို အတွေးအမြင်သစ်တွေနဲ့ လေ့လာမှုအသစ်တွေကို နှီးနှောဖလှယ်ပြီး တိုးတက်အောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ၎င်းကဆိုသည်။

ယင်းစီမံကိန်းသည် ထိခိုက်ဒဏ်ရာရရှိမှုမှ ပြန်လည်သန်စွမ်းရေး ပြီးပြည့်စုံသော ကျန်းမာရေး စောင့်ရှောက်မှု စီမံကိန်းကာလအတွင်း လူနာပေါင်း သုံးသောင်းခန့် အကျိုးကျေးဇူး ရရှိနိုင်မည်ဖြစ်ကြောင်း Singapore Health Service (SingHealth) ထံမှ သိရသည်။

ထို့အပြင် မြန်မာနိုင်ငံမှ ကျန်းမာရေး စောင့်ရှောက်မှု ပညာရှင်ပေါင်း ၁၈၀ ခန့်ကို သင်တန်းပို့ချပေးရန် ရည်ရွယ်ထားကြောင်း၊ ၎င်းတို့သင်ယူထားသည့် အရည်အသွေးနှင့် ဗဟုသုတများကို ပြန်လည်မျှဝေရန် ထူးချွန်သည့်သင်တန်းနည်းပြ ၆၀ ဦးကို ထပ်မံ ရွေးချယ်သင်ကြားပေးပြီး လေ့ကျင့်ပြီးသူများက အခြားလုပ်ဖော်ကိုင်ဖက်များကို ပြန်လည် သင်တန်းပေးပို့သွားနိုင်ရန် ရည်ရွယ်ကြောင်း SIF ၏အမှုဆောင် ဒါရိုက်တာ Jean Tan က ပြောကြားသည်။

အဆိုပါစီမံကိန်း၏ အရည်အသွေး မြှင့်တင်ခြင်းအစီအစဉ်ကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၊ မြောက်ဥက္ကလာပ အထွေထွေ ရောဂါကုဆေးရုံ၊ ရန်ကုန်အရိုးအထူးကုဆေးရုံ၊ မန္တလေး အထွေထွေ ရောဂါကုဆေးရုံ၊ ဆေးတက္ကသိုလ်-၁ နှင့် ဆေးတက္ကသိုလ်-၂ ရန်ကုန်တို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း SIF ထံမှ သိရသည်။

J-12