News

POST TYPE

LOCAL

မြန်မာနိုင်ငံက ကိုယ်ပိုင်ဂြိုလ်တုလွှင့်တင်ရန် စီစဉ်


ရန်ကုန်၊ စက်တင်ဘာ ၁ 

မြန်မာနိုင်ငံက လက်ရှိအချိန်တွင် ဂြိုလ်တုဆက်သွယ်ရေးကွန်ရက်များကို နိုင်ငံခြားကုမ္ပဏီများ၏ ဂြိုလ်တုချန်နယ်များကို ငှားရမ်းအသုံးပြုနေရပြီး ကိုယ်ပိုင်ဂြိုလ်တုလွှင့်တင်နိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ကိုယ်ပိုင်ဂြိုလ်တုလွှင့်တင်ရေးသည် ကုန်ကျစရိတ်များပြားခြင်းကြောင့် ပထမဦးပေးစားအဖြစ် ကုန်ကျစရိတ်သက်သာသည့် Earth Observation Micro-Satellite အမျိုးအစားကို လွှင့်တင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ဩဂုတ်လ ၃၀ ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံပိုင် ဂြိုလ်တုတည်ဆောက်ရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေနှင့် Myanmarsat 1 အမည်ရှိ ဂြိုလ်တုဆက်သွယ်ရေးကွန်ရက်ကို နိုင်ငံခြားကုမ္ပဏီထံမှ ငှားရမ်းအသုံးပြုလျက်ရှိပြီး နိုင်ငံတကာဂြိုလ်တုဆက်သွယ်ရေး နည်းပညာကုမ္ပဏီဖြစ်သော INTELSAT ကုမ္ပဏီထံမှလည်း Myanmarsat-2 ဂြိုလ်တုဆက်သွယ်ရေးကွန်ရက်ကို အမေရိကန်ဒေါ်လာ ၁၅၅ သန်းကျော် ရင်းနှီးမြှုပ်နှံထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“ကိုယ်ပိုင်ဂြိုလ်တုလွှင့်တင်ဖို့ကလည်း စီစဉ်နေပါတယ်။ ဂျပန်နိုင်ငံက တက္ကသိုလ်တစ်ခုကလည်း ကိုယ့်ပိုင်ဂြိုလ်တုလွှင့်တင်ရေးမှာပါဝင်ဖို့ လာကမ်းလှမ်းမှု ရှိနေတယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၉ ဇွန်လခန့်တွင် Myanmarsat-2 ဂြိုလ်တုဆက်သွယ်ရေးကွန်ရက်ကို စတင်အသုံးပြုနိုင်လာပါက ဆက်သွယ်ရေးကွန်ရက်များ တည်ဆောက်နိုင်ရန်ခက်ခဲသော အစွန်အဖျားကျေးလက်ဒေသများကို ဆက်သွယ်ရေး၏ ဝန်ဆောင်မှုများပေးနိုင်မည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များကိုလည်း ပိုမိုဆောလျင်စွာ သိရှိနိုင်မည်ဖြစ်ကြောင်း၊ ယင်းအပြင် အဆိုပါကွန်ရက်မှ အခြားချန်နယ်များကိုလည်း နိုင်ငံ၏ ကျန်မားရေးနှင့် ပညာရေးကဏ္ဍများတွင်ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ကိုယ်ပိုင်ဂြိုလ်တုလွှင့်တင်ရေးတွင် ပါဝင်ရန် ကမ်းလှမ်းထားသော ဂျပန်တက္ကသိုလ်မှာ Hokkaido ဖြစ်ပြီး ယင်းတက္ကသိုလ်သည် တောင်ကိုရီးယား၊ တရုတ်နှင့် အာဆီယံနိုင်ငံအချို့အပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံတွင် ဂြိုလ်တုထိန်ချုပ်ရေးစခန်းများ ဖွင့်လှစ်ထားသည်။

J-01