News

POST TYPE

LOCAL

FDA အသိအမှတ်ပြု စားသောက်ကုန်များဖြစ်လာရန် လုပ်ဆောင်မည်ဟု ကျန်းမာရေးဝန်ကြီးဆို
31-Aug-2018
နေပြည်တော်၊ ဩဂုတ် ၃၀

ပြည်သူလူထု၏ အဓိကစားသောက်ကုန်များကို FDA ( အစားအသောက်နှင့် ဆေးဝါးမှတ်ပုံတင်ဌာန) ၏ စစ်ဆေးပြီးသော အမှတ်တံဆိပ်ပါရှိနိုင်မည့် အခြေအနေကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင် ခံစာအမှတ်စဉ် (၇/၂၀၁၈) နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းပြောကြားရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင် အကြံပြုချက်ဖြစ်သည့် ဆေးဝါးများ၊ မုန့်များကို စစ်ဆေးမှုမရှိဟု ဆိုထားချက်ကိုလည်း ၎င်းအနေနှင့် FDA ညွှန်ကြားရေးမှူးချုပ်ကို ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲ၍ အစွမ်းကုန်လုပ်ဆောင်နေကြောင်း ဝန်ကြီးက ငြင်းဆိုလိုက်သည်။

ဈေးအတွင်း စံချိန်မမီဆေးဝါးများ အချိန်နှင့်တစ်ပြေးညီ စစ်ဆေးနိုင်မှုမရှိခြင်း၊ သုံးစွဲရန်မသင့်ဆေးဝါးများ ဈေးကွက်တွင်ရှိနေခြင်း ဆေးဝါးအတု ထုတ်လုပ်သော ကိစ္စများကို ဖော်ထုတ်နိုင်မှု အားနည်းနေခြင်း၊ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးများ ရောင်းချနေခြင်း၊ စပ်ဆေးများပျံ့နှံ့ရောင်းချနေခြင်း၊ တရားမဝင်ဆေးနှင့် သုံးစွဲရန်မသင့်သောဆေးဝါးများ ဈေးကွက်အတွင်း ရှိ မရှိ စစ်ဆေးသင့်ကြောင်း အစီရင်ခံစာတွင် တင်ပြထားခြင်းဖြစ်သည်။

ပြည်ပနိုင်ငံတို့တွင် FDA အသိအမှတ်ပြု အစားအသောက်များရှိပြီး စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပြီး ဈေးနှုန်းအနည်းငယ်ကြီးမြှင့်ကြောင်း၊ မြန်မာတွင်လည်း မကြာခင်အချိန် (အချိန်တိကျစွာ ဖြေထားခြင်းမရှိပေ။) တွင် ( အထူးသဖြင့် ဆီ) FDA စိစစ်ပြီးတံဆိပ်ဖြင့် ပြည်သူများ စိတ်ချစွာသုံးလို့ရရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် စစ်ဆေးတွေ့ရှိချက်များတွင် ညီညွတ်မှုမရှိပါကလည်း အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေါက်တာမြင့်ထွေးက ဆိုသည်။

၂၀၁၆ ခုနှစ်တွင် စစ်ဆေးချက်အရ ဆေးဆိုင် ၁၆၅၀ ကို စစ်ရာ ၉၉ မှု၊၂၀၁၇ ခုနှစ်တွင် ၉၆၈ ဆိုင် စစ်ရာ ၃၈ မှု၊၂၀၁၈ ဇူလိုင်လအထိ ၇၅၈ ဆိုင် စစ်ဆေးရာတွင် ၂၁ မှု ဖွင့်ခဲ့ကြောင်း၊ အစားအသောက် ပစ္စည်းများကို စစ်ရာတွင် ၂၀၁၆ ခုနှစ်တွင် ၆၃၉၀ မျိုးကိုစစ်ရာ စားသောက်ရန်မသင့်သည့် ၇၀၃ ခု၊ ၂၀၁၇ တွင် ၈၇၀၂ ခု စစ်ဆေးရာ ၁၀၂၁ ခု၊ ၂၀၁၈ ဇူလိုင်အထိ အစားအသောက် ၅၅၂၃ မျိုးစစ်ဆေးရာ ၃၇၀ ခုတွေ့ရှိရပြီး သတင်းစာများတွင်လည်း စားသုံးရန်မသင့်ဟု ကြော်ငြာထားပြီးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဆေးဆိုင်များ၊ ဆေးဝါးများ စစ်ဆေးရာတွင် ကင်ဆာရောဂါဆေး၊ ပဋိဇီဝဆေး၊ နှလုံးရောဂါဆေး၊ နားနှင့် မျက်စဉ်းဆေး၊ အားဆေး၊ ဟိုမုန်းဆေး၊ စိတ်ရောဂါဆေးများနှင့် ပတ်သက်သော ဆေးများတွေ့ရှိရပြီး အမှုဖွင့်အရေးယူနိုင်ခဲ့ကြောင်း ယင်းသို့ အရေးယူရန်စစ်ဆေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်းနှင့် မရသောကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ အကောက်အခွန်၊ ရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာ အာဏာပိုင်များအပါအဝင် ဥပဒေဆိုင်ရာအရာရှိ ( တရားရုံး) တို့ကပါ ပူးပေါင်းတာဝန်ယူလုပ်ဆောင်ပေးပါက ယခုထက်ပိုမိုအောင်မြင်မည်ဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။

စစ်ဆေးချက်များအရ စပ်ဆေး (ဆရာဝန်ညွှန်ကြားချက်မဲ့ဆိုင်မှ တွဲဖက်ရောင်းသောဆေး) သည် အလွန်အန္တရာယ်များသည်ကို တွေ့ရှိရကြောင်း၊ လာမည့်နှစ်တွင် ဘတ်ဂျက်ပိုမိုရရှိပါက FDA ကို တစ်ပြည်လုံးအတိုင်းအတာဖြင့် ဝန်ထမ်း၊ ဝန်ထမ်းအတွက်လိုအပ်သည့် ပစ္စည်းအစုံကို ဖြည့်တင်းကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။ 

S-01



  • VIA