News

POST TYPE

LOCAL

ကျောင်းသား ၁၀၀၀ နှင့် အထက်ရှိသော ကျောင်းများ၌ အကြံပြုစာပုံး ထားမည်
ရန်ကုန်၊ ဩဂုတ် ၂၈

အများပြည်သူဝေဖန်အကြံပြုနိုင်ရေး စာသင်ကျောင်းတိုင်းတွင် အကြံပြုစာပုံးထားရန် မူလကညွှန်ကြားခဲ့သော်လည်း ယခုအခါ ငွေကြေးကုန်ကျမှုသက်သာစေရန် ကျောင်းသား ၁၀၀၀ နှင့်အထက်ရှိသော ကျောင်းများ၌သာ ထားရှိရတော့မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနက ပြောင်းလဲညွှန်ကြားလိုက်သည်။

ကျောင်းတိုင်း အကြံပြုစာပုံးထားရန် ဇူလိုင်လအစောပိုင်းတွင် အခြေခံပညာဦးစီးဌာနက မြို့နယ်ပညာရေးမှူးရုံးများမှတစ်ဆင့် ကျောင်းများကို (နှုတ်မိန့်) ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ညွှန်ကြားပြီးနောက် ဆရာ၊ ဆရာမများကြား ကန့်ကွက်သူ၊ ထောက်ခံသူများဖြင့် လူမှုကွန်ရက်တွင် ဝေဖန်မှုမြင့်တက်ခဲ့သေးသည်။

ယခုဩဂုတ် ၂၇ ရက်က ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်များ တွေ့ဆုံစဉ်ကလည်း အကြံပြုစာပုံး ကျောင်းတိုင်းထားစရာမလိုဘဲ ကျောင်းသား ၁၀၀၀ အထက်ရှိ သောကျောင်းများသာထားရန် ပြောကြားခဲ့သည်ဟု ဆရာ၊ ဆရာမများထံမှ သိရှိရသည်။

အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်က “ကျောင်းတွေအကုန်လုံး စာပုံးတွေလိုက်ထားနေရင် စာပုံးလုပ်ခကလည်း မသက်သာဘူး။ အမှန်က ရွာကျောင်းရော မြို့ကျောင်းရော အင်အားကြီးတဲ့ဆက်သွယ်ရေး ကောင်းတဲ့နေရာက ကျောင်းတွေမှာ စာပုံးချိတ်ထားနိုင်ရင်ရပြီ”ဟု ပြောကြားသည်။

ထို့ကြောင့် လမ်းခရီးသွားလာရေး အဆင်ပြေသော နေရာများရှိ ကျောင်းသားအင်အား ၁၀၀၀ ဦးနှင့် အထက်ရှိသော မူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများတွင်သာ အကြံပြုစာပုံးထားရှိရေး ဆက်လက်ညွှန်ကြားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ပေါက်ပြင်အထက်တန်းကျောင်းခွဲ တာဝန်ခံကျောင်းအုပ် ဦးစိုးထိုက်က “ခုမှ ရန်ကုန်တိုင်းမှာ ပညာရေးဝန်ကြီးနဲ့ ဆွေးနွေးပွဲမှာ ကျောင်းသား ၁၀၀၀ နဲ့ အထက် မူ၊ လယ်၊ ထက်ကျောင်းတွေမှာ ထားရမယ်ဆိုပြီး ပြန်ထွက်လာတယ်။ အဲဒါကိုသိလိုက်တဲ့အချိန် ကျွန်တော်တို့က လုပ်ပြီးနေပြီ။ မထားသေးတဲ့ ကျောင်းတွေလည်းရှိတယ်။ ကိုယ်လည်း စိတ်မကောင်းဖြစ်သွားတယ်။ စာပုံးကတော့ တစ်ပုံးကိုပျမ်းမျှ တစ်သောင်းလောက် ကုန်တယ်”ဟု ပြောကြားသည်။

လွိုင်ကော်မြို့၊ ထေးငှားလျား အထက်တန်းကျောင်း (ခွဲ) ကျောင်းအုပ် ဒေါ်ဆွေဆွေအေးက “စာပုံးထားရမယ်လို့ပဲ ညွှန်ကြားထားတယ်။ ဘယ်လိုပုံစံနဲ့ ဘယ်နေရာမှာ ထားရမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး။ ဒါကြောင့် စာပုံးတော့ မလုပ်ရသေးဘူး။ မိဘတွေကိုတော့ အသိပေးထားတယ်။ မထားရတော့ဘူးဆိုလည်း သိပ်ပြီး ထူးထူးခြားခြားမဖြစ်ပါဘူး”ဟု ပြောကြားသည်။

ထို့ပြင် အခြေခံပညာစာသင်ကျောင်း ကျောင်းအုပ်နှင့် ဆရာ၊ ဆရာမများကလည်း ကျောင်းနှင့်ပတ်သက်သည့် ဖွံ့ဖြိုးရေးကိစ္စ၊ ပညာရေးကိစ္စ၊ အခြားကိစ္စများကို မိဘဆရာအသင်း၊ ကျောင်း အကျိုးတော်ဆောင်အဖွဲ့၊ မိဘများနှင့် တွေ့ဆုံဆွေးနွေးမှုများရှိ၍ အကြံပြုစာပုံးထားခြင်း၊ မထားခြင်းက ထွေထွေထူးထူး ကိစ္စမရှိကြောင်း ဒေါ်ဆွေဆွေအေးက မှတ်ချက်ပေးသည်။

ထေးငှားလျား အထက်တန်းကျောင်းခွဲအနေနှင့် ကျောင်းသား၊ ကျောင်းသူ ဦး ရေ ၅၀၀ ကျော်သာရှိသဖြင့် ညွှန်ကြားချက် ထွက်လာလျှင် စာပုံးထားရမည် မဟုတ်တော့ကြောင်း ဒေါ်ဆွေဆွေအေးက ပြောကြားသည်။ 

တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံပညာကျောင်းပေါင်း ၄၇၀၀၀ ကျော်ရှိသည်။  

J-19