News

POST TYPE

LOCAL

အသက် ၆၀ နှစ် အမျိုးသမီးကို အဓမ္မပြုကျင့် လည်ပင်းညှစ်သတ်ခဲ့သူကို ဖမ်းမိ
29-Aug-2018
ရန်ကုန်၊ ဩဂုတ် ၂၈

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ခရမ်း-သုံးခွ ကားဂိတ်အနီး လေထိုးကျွတ်ဖာဆိုင် တစ်ဆိုင်တွင် အသက် ၆၀ နှစ် အမျိုးသမီးတစ်ဦးကို သားမယားအဖြစ် အဓမ္မပြုကျင့်ပြီး လည်ပင်းညှစ်သတ်ခဲ့သူဟုဆိုသော အသက် ၂၄ နှစ် အမျိုးသားကို ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းက မွန်ပြည်နယ်ရှိ မုတ္တမနယ်မြေ ရဲစခန်းအပိုင်တွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လူသတ်မှုနဲ့ အမှုဖွင့် အရေးယူထား သူကို ဒီမနက်ဖမ်းမိခဲ့တယ်။ စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်သူက သေဆုံးသူ အမျိုးသမီးကို အလိုမတူ အဓမ္မပြုကျင့်ပြီး လည်ပင်းညှစ်သတ်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုထားတယ်။ တရားခံကို ရန်ကုန်ပြန်လွှဲဖို့ စီစဉ်ဆောင်ရွက်နေပါတယ်”ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

မွန်ပြည်နယ်၊ ပေါင်မြို့၊ မုတ္တမနယ်မြေ ရဲစခန်းအပိုင်ဖြစ်သော ဆီဆုံရပ်ကွက်တွင် ပြစ်မှုကျူးလွန်သူဟုဆိုသော အသက် ၂၄ နှစ် မော်ရွှန်းကို ဖမ်းမိခဲ့ပြီး ၎င်းမှာ ဩဂုတ်လ ၂၁ ရက် ညနေပိုင်းက မင်္ဂလာတောင်ညွန့် မြို့နယ်၊ ခရမ်း သုံးခွကားဂိတ်အနီးရှိ လေထိုးကျွတ်ဖာဆိုင်တွင် အသက် ၆၀ နှစ် အမျိုးသမီးတစ်ဦး အသတ်ခံရမှုမှ ထွက်ပြေးတိမ်းရှောင်နေသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

“သေဆုံးသူ အမျိုးသမီးက ဆိုင်ရှင်တွေ ခရီးသွားနေလို့ ဆိုင်လာစောင့်ပေးနေချိန်မှာ အသတ်ခံရတာ။ အခင်းဖြစ်နေရာမှာ ဦးထုပ်နဲ့ ဖိနပ်ကိုသိမ်းဆည်းရမိပြီး ဒီပစ္စည်းတွေက အဲဒီဆိုင်က အမျိုးသားတစ်ယောက်ရဲ့ ဟာတွေလို့ စုံစမ်းသိရှိရတယ်။ အမှုနဲ့ ပတ်သက်လို့ မသင်္ကာဖွယ် အမျိုးသားက ကျိုက်မရောမှာနေတယ်။ အခု မွန်ပြည်နယ်ဘက်မှာ သူ့ကို ဖမ်းမိထားတယ်လို့ သိရတယ်။ တရားခံရောက်လာမှ စစ်ဆေးပြီး လူသတ်မှုဖြစ်စဉ် အသေးစိတ်ကို ပြောပြပေးနိုင်မယ်”ဟု မင်္ဂလာတောင်ညွန့် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ လူသတ်မှုမှ ထွက်ပြေးတိမ်းရှောင်နေသူဟုဆိုသူ မော်ရွှန်းကို မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက (ပ) ၄၃၄/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03


  • VIA