News

POST TYPE

LOCAL

မကွေးတွင် စက်မှုဇုန်တည်ဆောက်ပေးရန် တောင်းဆိုမည်
မကွေး၊ ဩဂုတ် ၂၇

မကွေးတိုင်း မကွေးမြို့တွင် စက်မှုဇုန်တစ်ခုတည်ဆောက်ပေးရန် ယင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုမည်ဖြစ်ကြောင်း မကွေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိန်အေးအောင်က ပြောကြားသည်။

မကွေးမြို့ပေါ်တွင် လက်ရှိကာလ၌ အသေးစားအလတ်စားစက်မှုလက်မှု လုပ်ငန်းများနှင့်အတူ အကြော်အလှော်ဖိုများ၊ ဆီစက်များနှင့် ပဲခွဲစက်များ များပြားစွာတိုးပွားလာခြင်းကြောင့် လုပ်ငန်းရှင်များအတွက် လျှပ်စစ်မီးအခက်အခဲများဖြစ် ပေါ်နေသကဲ့သို့ စွန့်ပစ်အညစ်အကြေး ပြဿနာများနှင့် မြို့အတွင်း အသံဆူညံမှုများဖြစ်ပေါ်နေသဖြင့် တောင်းဆိုရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

“အသေးစားအလတ်စား လုပ်ငန်းရှင်တွေ တစုတစည်းတည်းမဟုတ်တဲ့အတွက် လျှပ်စစ်မီးသုံးစွဲတဲ့နေရာမှာ အခက်အခဲဖြစ်နေကြတယ်။ စက်မှုဇုန်လိုနေရာ တစ်ခုမှာ ထရန်စဖော်မာတစ်ခု သီးသန့်ရှိရင် မြို့ထဲမှာ မီးသုံးစွဲတဲ့ ပြည်သူတွေအတွက်လည်း လျှပ်စစ်မီးမငြိမ်တာတွေ၊ မီးလိုင်း ကျတာတွေဖြစ်ပွားမှုနည်းလာမယ်။ ဒါကြောင့် စက်မှုဇုန်တစ်ခုလိုအပ်ပါတယ်”ဟု ဦးစိန်အေးအောင်က ပြောဆိုသည်။

မကွေးမြို့ပေါ်တွင် မြေပဲခွဲစက်အလုံးရေ ၁၇၀ ခန့်ထိ တိုးပွားလာသဖြင့် အဆိုပါ လုပ်ငန်းရှင်များအတွက် လျှပ်စစ်မီးသုံးစွဲခ များပြားခြင်းနှင့် မြေနေရာအခက်အခဲများ ဖြစ်ပေါ်နေသဖြင့်လည်း တောင်းဆိုရခြင်း ဖြစ်ကြောင်း မကွေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းထံမှသိရသည်။

“မကွေးပေါ်က စီးပွားရေးလုပ်ငန်းတွေရဲ့ ပတ်ဝန်းကျင်ဆူညံမှုတွေကြောင့် ပတ်ဝန်းကျင်နဲ့အဆင်ပြေအောင် အတော်နေရတဲ့ အနေအထားရှိတယ်။ စက်မှုဇုန်တစ်ခု မဖြစ်မနေ လိုအပ်ပါတယ်။ ဇုန်ကို မဖြစ်မနေတောင်းဆိုဖို့ စီစဉ်ထားပါတယ်”ဟု မကွေးမြို့နယ် မြေပဲခွဲစက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းမြင့်က ပြောဆိုသည်။

အဆိုပါ စက်မှုဇုန်တည်ဆောက်ပေးရေး တောင်းဆိုရန်အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံ တင်ပြထားပြီးထပ်မံ၍ တိုင်းအစိုးရအဖွဲ့ထံတင်ပြမည်ဖြစ်ကြောင်း မကွေးမြို့နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

“ဒါက အစိုးရလုပ်ရမယ့်အပိုင်းဖြစ်တယ်၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်တွေကလည်း အစိုးရကို တင်ပြရမယ်၊ အဲ့ဒါတွေပြီးမှသာ လွှတ်တော်ရဲ့ စည်းမျဉ်းစည်းကမ်းဥပဒေနဲ့အညီ တင်ပြဖို့ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်ဖြစ်တယ်”ဟု မကွေးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးက ရှင်းပြသည်။ 

R-23