News

POST TYPE

LOCAL

ရန်ပွဲဝင်ဆွဲသူ လဲကျရာမှ ဦးခေါင်းနောက်စေ့ဒဏ်ရာဖြင့် သေဆုံး
27-Aug-2018

ရန်ကုန်၊ ဩဂုတ် ၂၆

လှိုင်သာယာမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ မင်းရဲကျော်စွာ ၁၆ လမ်းရှိ အဆောင်တစ်ခုတွင် ဖြစ်ပွားခဲ့သည့် ရန်ပွဲကို ဝင်ဆွဲခဲ့သော အမျိုးသားတစ်ဦး ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာဖြင့် ဩဂုတ်လ ၂၅ ရက်နေ့က သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အသက် ၃၈ နှစ် အမျိုးသားမှာ ဩဂုတ်လ ၂၃ ရက် ညပိုင်းက အဆောင်တွင် နေထိုင်သူ အသက် ၃၀ နှစ် မြတ်ဝင်းထွန်းက အဆောင်မှူးဖြစ်သူကို လက်သီးဖြင့် ထိုးကြိတ်နေသောကြောင့် ၎င်းက ဝင်ဆွဲစဉ် မြတ်ဝင်းထွန်းက ဆောင့်တွန်းလိုက်သောကြောင့် ပက်လက်လန်လဲကျပြီး ဦးခေါင်းနောက်စေ့ဖူးရောင်ဒဏ်ရာ ရခဲ့သည်။

ယင်းနောက် ၎င်းက ဆေးရုံဆေးခန်းသွားမပြဘဲ အိပ်ရာဝင်ခဲ့ပြီး ဩဂုတ်လ ၂၄ ရက် နံနက်တွင် အိပ်ရာထဲ သတိလစ်မေ့မြောနေကြောင်း ၎င်း၏ ဇနီးဖြစ်သူထံမှ သိရှိရပြီးနောက် လှိုင်သာယာဆေးရုံ တင်ပို့ကုသသော်လည်း မသက်သာသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ဦးနှောက်နှင့် အာရုံကြောဌာနသို့ ထပ်မံလွှဲပြောင်း ကုသမှုခံယူခဲ့သော်လည်း ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဦးခေါင်းနောက်စေ့ဖူးရောင်ဒဏ်ရာဖြင့် သေဆုံးခဲ့သောကြောင့် မြတ်ဝင်းထွန်းကို ဖမ်းဆီး၍ လှိုင်သာယာမြို့မရဲစခန်းက ပေါ့လျော့မှုကြောင့် လူသေဆုံးမှု ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S-03