News

POST TYPE

LOCAL

ဝါးခယ်မမြို့နယ် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် နုတ်ထွက်မည့်ကိစ္စ အတည်ပြုနေဆဲဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌပြော
26-Aug-2018

ပုသိမ်၊ ဩဂုတ်၂၆

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်း၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ကြောင်း တင်ပြစာကို အတည်ပြုနိုင်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောကြားသည်။

“သူ(ဒေါ်မြင့်မြင့်စန်း)က နုတ်ထွက်လွှာ တင်တယ်ဆိုတာက လူကြုံနဲ့ စာပေးလိုက်တဲ့သဘောပဲ ရှိတယ်။ သူကိုယ်တိုင် လာတင်တာ မဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တာဝန်လည်း ဆက်လက် ဆောင်ရွက်နေတယ်ဆိုတော့ သူတင်တဲ့စာ မှန်ကန်မှု ရှိ/ မရှိ အတည်ပြုနိုင်ဖို့ မကြာမီရက်ပိုင်းမှာပဲ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ဝါးခယ်မကို စေလွှတ်ပြီးစုံစမ်းဖို့ စီစဉ်ဆောင်ရွက်နေပါတယ်”ဟု ၎င်းကဆိုသည်။

နုတ်ထွက်စာ တင်ထားသည်ဆိုသော ဒေါ်မြင့်မြင့်စန်းမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဆောင်ရွက်ရမည့်ကိစ္စများကို ဆက်လက်ဆောင်ရွက်နေသည်ကို စုံစမ်းသိရှိရကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် ရွာများကို ကွင်းဆင်းဆောင်ရွက်နေပြီး တနင်္လာနေ့တွင် ဝါးခယ်မမြို့သို့ ပြန်ရောက်မည်ဖြစ်ကြောင်း ဒေါ်မြင့်မြင့်စန်းနှင့်အတူ ကွင်းဆင်းဆောင်ရွက်နေသူ ဝါးခယ်မမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (တိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ) ဦးဌေးအောင်က ပြောကြားသည်။

ဒေါ်မြင့်မြင့်စန်းသည် လွှတ်တော်ထဲတွင် အားကိုးရသောသူတစ်ဦးဖြစ်ကြောင်း၊ မေးခွန်းများကို အများဆုံး မေးမြန်းခဲ့ပြီး အဆိုများကိုလည်း စိတ်ပါဝင်စားစွာ၊ အချက်အလက်ပြည့်စုံစွာဖြင့် ဝင်ရောက်ဆွေးနွေးခြင်းမျိုးကို တွေ့ရကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုနှင့် လေ့လာမှုအားကောင်းကြောင်း၊ ယခုအချိန်တွင် တွန်းတိုင်းမရွေ့သည့် အခြေအနေများသည် အောက်ခြေတွင် များစွာ ဖြစ်ပေါ်နေသည့်အတွက် အားမရသည့်အဆင့်လောက်သာရှိကြောင်း၊ အယုံအကြည်မရှိဆိုသည့် အဆင့်အထိတော့ မရှိကြကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်များက မှတ်ချက်ပြု ပြောပြကြသည်။

လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်စာတင်သည်မှာ မှန်ကန်ပြီး ဇူလိုင်လ ၂၅ ရက် တိုင်းလွှတ်တော် စချိန်တွင် စာတင်ခဲ့ကြောင်း၊ လွှတ်တော်ကို အယုံအကြည်မရှိ၍ လွှတ်တော် မတက်ရခြင်း ဖြစ်ပြီး ထွက်စာတင်ထားသော်လည်း ထွက်ခွင့်မကျသဖြင့် လွှတ်တော်ကိုယ်စားလှယ်တာဝန်ကို ဆက်လက်ဆောင်ရွက်နေရကြောင်း နုတ်ထွက်စာတင်သူ ဝါးခယ်မမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ပြောသည်။

လွှတ်တော်ကို အယုံအကြည်မရှိဟုဆိုသည့်အပေါ် မေးမြန်းရာ ၎င်းက အသေးစိတ် ဖြေကြားခြင်းမရှိပေ။

စာတစ်စောင် တင်ထားပြီးပါက ရုံးအဖွဲ့က ဆက်လက်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများ၏ ဆောင်ရွက်ချက်၊ ဆုံးဖြတ်ချက်များကိုကြည့်၍ လွှတ်တော် တက်မတက်နှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို အသိပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီထံသို့ အဆိုပါနုတ်ထွက်စာကို ဒေါ်မြင့်မြင့်စန်းက တိုက်ရိုက်တင်ပြထားခြင်းမရှိဘဲ ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌထံသာ တင်ပြထားခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုကော်မတီဝင် (တိုင်ကြားစာစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ) ဒေါက်တာမျိုးညွန့်က The Voice သတင်းစာသို့ ပြောကြားသည်။

“ဒေါ်မြင့်မြင့်စန်းကို အရေးကြီးတဲ့ တာဝန်ပေးထားတဲ့အတွက် ပါတီကိုယ်စားလှယ်အဖြစ်က နုတ်ထွက်ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီလည်း တရားဝင်တင်ပြလာတာ မရှိသေးပါဘူး။ သူ့ရဲ့ဆန္ဒအလျောက်တင်တဲ့ နုတ်ထွက်စာပါ။ တိုင်ကြားစာ မဟုတ်ဘူး”ဟု ၎င်းကဆိုသည်။

ဒေါ်မြင့်မြင့်စန်းသည် သတ္တဗေဒ (Zoo)ဖြင့် ဘွဲ့ရထားပြီး အသက် ၅၈ နှစ်အရွယ်ရှိကြောင်း၊ တိုင်းဒေသကြီးလွှတ်တော်တွင် တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာ ကော်မတီနှင့်တရားစီရင်ရေး ဥပဒေရေးရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရ၏အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့တွင် အဖွဲ့ဝင်အဖြစ် တာဝန်ယူပေးအပ်ခြင်း ခံထားရသည်။

၎င်းသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝါးခယ်မမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရကြောင်း လွှတ်တော်မှတ်တမ်းများအရ သိရသည်။

R-11, J-17