News

POST TYPE

LOCAL

ထန်းရည်ရောင်းချခွင့်ပြုရန် ထန်းရည်ဆိုင်ရှင်များကို ခေါ်ယူဆွေးနွေးမည်
ထားဝယ်၊ ဩဂုတ် ၂၅

ထားဝယ်ခရိုင်အတွင်း ထန်းရည်ကို လိုင်စင်ဖြင့် ရောင်းချခွင့်ပြုရန် ထန်းရည်ဆိုင်ရှင်များကို စက်တင်ဘာလအတွင်း ခေါ်ယူတွေ့ဆုံသွားမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

ထန်းရည်ဆိုင်များ လေလံလိုင်စင် (CFL-1) ထုတ်ပေးနိုင်ရန် ဆိုင်ရှင်များကို ခေါ်ယူဆွေးနွေးမည်ဖြစ်ပြီး ဥပဒေနှင့်အညီဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခင်အဆက်ဆက်က ထားဝယ်ခရိုင်အတွင်း ထန်းရည်ရောင်းချခွင့်အတွက် လေလံလိုင်စင်များ ထုတ်ပေးခြင်းမရှိဘဲ နားလည်မှုဖြင့်သာ ရောင်းချခဲ့ကြသည်။

“စက်တင်ဘာလဆို ထန်းရည်ရောင်းသူတွေကိုခေါ်ပြီး လေလံလိုင်စင်အတွက် အသိပေးရမှာပေါ့၊ တကယ်လည်း ရောင်းနေတာရှိတော့”ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

လေလံလိုင်စင်ချပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြမည်ဖြစ်ပြီး လေလံကြမ်းခင်းဈေးကို သက်ဆိုင်ရာဌာနများပါဝင်သည့် ယစ်မျိုးအကြံပေးအဖွဲ့က သတ်မှတ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခင်က ထန်းရည်ကို တရားဝင် ရောင်းချခွင့်မရှိသဖြင့် အကြောက်တရားဖြင့် ရောင်းနေရပြီး လေလံလိုင်စင်ဖြင့် တရားဝင်ရောင်းခွင့်ရပါက စိတ်အေးချမ်းစွာ ရောင်းနိုင်မည်ဖြစ်ကြောင်း ထားဝယ်မြို့ ပေါက်တိုင်းတံတားထိပ်တွင် ထန်းရည်ဆိုင်ရောင်းချခဲ့ဖူးသည့် ဒေါ်လှဝင်းက ဆိုသည်။

“ထန်းရည်ဆိုင်တွေဖမ်းမယ်ဆိုလို့ မရောင်းတာ သုံးနှစ်လောက်ရှိနေပြီ၊ လိုင်စင်နဲ့ရောင်းခွင့်ပေးမယ်ဆိုရင်တော့ ပြန်ရောင်းဖြစ်မယ်”ဟု ဒေါ်လှဝင်းက ပြောသည်။

လေလံလိုင်စင် CFL-1) မှာ ထန်းရည်၊ ဓနိရည်ကို ဆိုင်ဖွင့်၍ ဆိုင်ဥပစာအတွင်း သောက်သုံးရန် သို့မဟုတ် ဥပစာပြင်ပသို့ ယူဆောင်ရန် လက်လီရောင်းချခွင့်ဖြစ်သည်။

အခြားတိုင်း။ပြည်နယ်အချို့တွင် လေလံလိုင်စင်ကြေး တစ်နှစ်တာအတွက် ငွေကျပ် ၁ သိန်းမှ ၄ သိန်းအထိ သတ်မှတ်ကြသည်။

Dawei Watch