News

POST TYPE

LOCAL

ကလေးတွင် မူးယစ်ဆေးဝါးများကို စအိုအတွင်းဝှက်၍ သယ်ဆောင်လာသူများကို ဖမ်းမိ
25-Aug-2018

ကလေး၊ ဩဂုတ် ၂၅ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ဩဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းက မူးယစ်ဆေးဝါးများကို စအိုအတွင်း ဝှက်၍သယ်ဆောင်လာသည့် အမျိုးသမီး တစ်ဦးအပါအဝင် လူသုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု (၅) ကလေးမြို့မှ သိရသည်။ 

ယင်းနေ့ညနေ ၆ နာရီခန့်က ကလေးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာအဝင် နန်းကျစ်လှောက်တံတားအနီးတွင် ခရီးသည်တင်ကားတစ်စီးကို ရပ်တန့်စစ်ဆေးရာ ယင်းယာဉ်ပေါ်လိုက်ပါလာသည့် ကိန်ကပ်ထန်(ခ) မောင်မောင်၂၅ နှစ်၏ စအိုအတွင်း ဝှက်၍ သယ်ဆောင်လာသည့် ကျပ်သုံးသိန်းတစ်သောင်းတန်ဖိုးရှိ ဘိန်းဖြူနှင့် ၈၈ နှင့် ၁ စာတန်းပါ ငါးသောင်းခြောက်ထောင်ကျပ်တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု (၅) ကလေးမြို့မှ ရဲအုပ်မြတ်ဖုန်းက ပြောကြားသည်။ 

ထို့ပြင်ဆက်လက်၍ တမူးမြို့မှ ကလေးမြို့သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကားတစ်စီးကို ထပ်မံစစ်ဆေးခဲ့ရာ ယင်းယာဉ်ပေါ်တွင် လိုက်ပါလာသည့် အောင်နိုင်ဝင်း ၃၃ နှစ်နှင့် မထောင်နိမ်လမ်း (ခ) နှင်းဆီ ၂၂ နှစ်တို့၏ စအိုအတွင်းဝှက်၍ သယ်ဆောင်လာသည့် ဘိန်းဖြူ ကျပ်ရှစ်သိန်းလေးသောင်းတန်ဖိုးကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စုထံမှ သိရသည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ သုံးဦးကို ကလေးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကလေးမြို့မရဲစခန်းထံမှ သိရသည်။

R-20