News

POST TYPE

LOCAL

တစ်သျှူးငှက်ပျော တရုတ်သို့ တင်ပို့မှုမှ အခွန်ကျပ်သန်း နှစ်ထောင်ခန့်ရရှိ
23-Aug-2018

နေပြည်တော်၊ ဩဂုတ် ၂၃

တရုတ်တစ်သျှူးငှက်ပျော တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေသည့် ကုမ္ပဏီများထံမှ အခွန် ကျပ်သန်း ၁၉၂၀ ဒသမ ၃၂၈ ကိုရရှိထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်က ပြောကြားသည်။

ယနေ့ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၂) မှ ဦးနိုင်ကိုကိုက တရုတ်တစ်သျှူးငှက်ပျောပင် စိုက်ခင်းများနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရတွင် ရှိသည့်စာရင်းနှင့် မြေပြင်စာရင်းများ ကွဲလွဲနေပြီး အခွန်အခ ဘီလီယံနှင့်ချီ နစ်နာနေခြင်း၊ လက်ရှိစိုက်ပျိုးဧက ၄၀၀၀၀ ကျော်အနက် ခွင့်ပြုချက်မရသေးသည့် မြေများပေါ်တွင် စိုက်ပျိုးလုပ်ဆောင်နေခြင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေနှင့် မည်သို့အရေးယူ ဆောင်ရွက်မည်ကိုသိလိုကြောင်း မေးမြန်းချက်တွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ ငှက်ပျောတင်ပို့ရန် မတိုင်မီကပင် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို အခွန်ရုံးများမှ တစ်ဆင့်ကောက်ခံခဲ့ပြီး စိုက်ပျိုးသောကုမ္ပဏီ၊ အဖွဲ့အစည်း၊ လုပ်ငန်းရှင်များမှ ခွင့်ပြုချက် မရသေးသည့် မြေများပေါ်တွင် စိုက်ပျိုးနေမှုများကို ဥပဒေနှင့်အညီ ဖြစ်စေရေးအတွက် ကချင်ပြည်နယ် အစိုးရအနေနှင့် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ဒုဝန်ကြီးက ဆိုသည်။

ယင်းငှက်ပျောစိုက်ပျိုးထုတ်လုပ်မှုသည် ကင်းလွတ်ခွင့်ပြုထားသော အခွန်အမျိုးအစားတွင်ပါဝင်ပြီး ဝင်ငွေခွန်စည်းကျပ်ထိုက်သည့် စုစုပေါင်းဝင်ငွေ ရရှိမှုအပေါ်တွင် ဝင်ငွေခွန်ကောက်ခံလျက်ရှိကြောင်း၊ ယင်းငှက်ပျောကို ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူ၊ မန်စီ၊ မိုးမောက်နှင့် ဒေါ့ဖုန်းယန်မြို့ ဧရိယာများတွင် စိုက်ပျိုးလျက်ရှိပြီး ငှက်ပျောကားများ သယ်ယူဖြတ်သန်းခွင့်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုနေကြောင်း ဦးလှကျော်က ပြောကြားသည်။

အထက်ပါစိုက်ဒေသများတွင် မြေလွတ်မြေလတ်နှင့် မြေရိုင်းပေါ်တွင် ၆၃၈၄ ဧက၊ ခွင့်ပြုမိန့်မရသည့် မြေပေါ်တွင် ၁၉၆၈၉ ဧက၊ လယ်ယာမြေပေါ်တွင် ၁၇၅၂၂ ဧက၊ သစ်တောမြေပေါ်တွင် ၆၅၆၅ ဧက နှင့် အခြားမြေပေါ်တွင် ၃၈၅ ဧက စိုက်ပျိုးနေသည်ကို စိစစ်တွေ့ရကြောင်း၊ ယင်းကြောင့် စိုက်ပျိုးသူများအနေနှင့် ၂၀၁၂ ခုနှစ် မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပါ ပြဋ္ဌာန်းချက်နှင့်ညီစေရန် သီးနှံပြောင်းလဲ စိုက်ပျိုးခွင့်ကိုတင်ပြလျှောက်ထားရန် လိုအပ်နေကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

ရရှိထားသည့် အခွန်ငွေမှာ ၂၀၁၈ -၁၉ ဘဏ္ဍာရေးနှစ်၏ (၁ -၄-၂၀၁၈) မှ (၁၅-၆-၂၀၁၈) အထိ ကောက်ခံရရှိခြင်းဖြစ်ပြီး ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၇ -၂၀၁၈ အထိ ကုမ္ပဏီ ၂၈ ခုမှ ကြိုတင်ဝင်ငွေခွန် စုစုပေါင်း ကျပ်သန်းပေါင်း (၃၇၀၄ ဒသမ ၂၈၂)ကို ကောက်ခံရရှိထားကြောင်း ဒုဝန်ကြီး၏ ရှင်းလင်းတင်ပြချက်တွင် တွေ့ရသည်။

S-01