News

POST TYPE

LOCAL

တနင်္သာရီတိုင်းတွင်ဆောက်လုပ်မည့် စာသင်ကျောင်း တစ်ရာကျော် ရပ်နား


ထားဝယ်၊ ဩဂုတ် ၂၁

တနင်္သာရီတိုင်းအတွင်း ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောက်လုပ်ခွင့် ရရှိထားသော စာသင်ကျောင်း ၁၂၂ ကျောင်းနှင့် ဝန်ထမ်းအိမ်ရာ ၁၂ ဆောင် ဆောက်လုပ်မည့်လုပ်ငန်းများ ရပ်နားထားရကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ယင်းကျောင်းဆောင်များ ဆောက်လုပ်ရန် ခွင့်ပြုချက်ရရှိပြီးမှ ပညာရေးဝန်ကြီးဌာနတွင် ဘဏ္ဍာငွေ မလောက်ငဟူသော အကြောင်းပြချက်ဖြင့် ပညာရေးဌာန (ဆောက်လုပ်ရေး) လုပ်ငန်းများ ဆိုင်းငံ့ထားရန် ဇွန်လတတိယအပတ်တွင် ညွှန်ကြားလာသဖြင့် ရပ်နားထားခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

“ကျောင်းတွေဆောက်ဖို့ ခွင့်ပြုချက်ရပြီးမှ ရပ်နားခံလိုက်ရတယ်ဆိုတော့ ဒီမှာက အန္တရာယ်ရှိတဲ့ ကျောင်းဆောင်တွေ ဖျက်ပစ်လိုက်တဲ့အခါကျတော့ အဲကျောင်းက ကျောင်းသားတွေ အခက်အခဲဖြစ်သွားတာပေါ့”ဟု ဒေါ်မြင့်စိန်က ဆိုသည်။

လက်ရှိအခြေအနေ ယင်းအဆောက်အအုံများ ဆောက်လုပ်ရန်အတွက် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများကို ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။

အန္တရာယ်ရှိကျောင်းအချို့ကို ဖြိုဖျက်ထားရပြီး ကုမ္ပဏီများ၏ မြေပြင်ဆောက်လုပ်ရေးလုပ်ငန်းများ မစတင်သေးသည့် အခြေအနေတွင် ရပ်နားထားရခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ယင်းကဲ့သို့ စာသင်ကျောင်းဆောင်များ ဆောက်လုပ်မည့်လုပ်ငန်း ရပ်ဆိုင်းလိုက်ခြင်းကြောင့် ကျောင်းသားများ အမိုး၊ အကာ လုံခြုံမှုမရှိဘဲ ပညာသင်ကြားနေရကြောင်း ကျောင်းဆောင် ဆောက်လုပ်ရေး ရပ်နားခံလိုက်ရသည့် လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက ပြောသည်။

“အစိုးရအနေနဲ့ပေါ့နော် ပညာရေးဘတ်ဂျက်ကို တကယ့်လိုအပ်နေတဲ့ ကျောင်းတွေကို ချပေးစေချင်တယ်။ အခုက ကြေညာပြီးမှ ပြန်ပလပ်လိုက်တာ မဖြစ်သင့်ဘူး။ ကြေညာထားတဲ့အတိုင်းပဲ လုပ်စေချင်တယ်”ဟု ဦးမင်းသိန်းက ဆိုသည်။

တိုင်းအတွင်းရှိ ကျေးရွာအချို့တွင် ကျောင်းသားဦးရေများလာသဖြင့် ကိုယ်ထူကိုယ်ထ ယာယီကျောင်းဆောင်များ ဆောက်လုပ်ပြီး ကျောင်းဆောင်မရှိသည့် အခက်အခဲကို ဖြေရှင်းလျက်ရှိသည်။

တနင်္သာရီတိုင်းမှ ပြည်ထောင်စု ငွေလုံး၊ ငွေရင်း ရန်ပုံငွေဖြင့် စာသင်ကျောင်းနှင့် ဝန်ထမ်းအိမ်ရာ ၂၂၀ ဆောက်လုပ်ရန် တင်ပြခဲ့ရာ ၁၃၄ ခု ဆောက်လုပ်ရန် ခွင့်ပြုပြီးမှ ပြန်လည်ရုပ်သိမ်းခံလိုက်ရခြင်းဖြစ်ကြောင်း တိုင်းပညားရေးမှူးရုံးထံမှ သိရသည်။

Dawei Watch