News

POST TYPE

LOCAL

ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ် ရပ်နားခဲ့သဖြင့် ဝင်ငွေ ကျပ်သိန်းတစ်ထောင်ကျော် ရှုံး
22-Aug-2018

ရန်ကုန်၊ ဩဂုတ် ၂၁

ရေကြီးပြီး လမ်းပိုင်းပျက်စီးမှုကြောင့် ရန်ကုန်-မော်လမြိုင်ရထား ခရီးစဉ်များ ရက် ၂၀ ကျော် ရပ်နားခဲ့ခြင်းကြောင့် မြန်မာ့မီးရထား၏ဝင်ငွေကျပ် သိန်းတစ်ထောင်ကျော် ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်ဘူတာကြီး၊ တိုင်း-၇၊ သွားလာပို့ဆောင်ရေးဌာန၊ တိုင်းမန်နေဂျာဦးဇော်လွင်က ပြောကြားသည်။

ဩဂုတ်လ ၂၁ ရက် မွန်းလွဲ ၃ နာရီက ရန်ကုန်ဘူတာကြီး စခန်းသာခန်းမတွင် ခရီးသည်များ၏ လုံခြုံရေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သဘာဝဘေးကြောင့် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းကို ဇူလိုင်လ ၂၇ ရက်မှ ဩဂုတ်လ ၁၉ ရက်အထိ ရထားပြေးဆွဲမူ ရပ်နားခဲ့ပြီး ဝင်ငွေဆုံးရှုံးခြင်းနှင့်ပတ်သက်၍ လမ်းအပိုင်းအလိုက် ရထားများ၏ အခေါက်ရေအပေါ် မူတည်တွက်ချက်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရထားများအနေနှင့် အမှတ် ၉၈ အဆန်တွင် သုံးခေါက်၊ အမှတ် ၉၀ အစုန်တွင် လေးခေါက်၊ အမှတ် ၃၅ အဆန်တွင် ၂၃ ခေါက်၊ အမှတ် ၃၆ အစုန်တွင် ၂၂ ခေါက်၊ ၁၇၅ အဆန်တွင် ၂၃ ခေါက်၊ အမှတ် ၁၇၆ အစုန်တွင် ၂၂ ခေါက် စသည်တို့အပါအဝင် စုစုပေါင်း ၁၂၁ ခေါက် ရထားပြေးဆွဲမှုများ ရပ်နားခဲ့ရခြင်းကြောင့် ကျပ် ၁၃၄,၂၆၆,၇၁၀ ဝင်ငွေဆုံးရှုံးခဲ့ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

J-06