News

POST TYPE

LOCAL

ပခုက္ကူဆေးရုံမှ ဆရာဝန်ကိစ္စ စုံစမ်းစစ်ဆေးမှု စ
22-Aug-2018
မကွေး၊ ဩဂုတ် ၂၁

မကွေးတိုင်း ပခုက္ကူဆေးရုံကြီးရှိ အိမ်ထောင်သည် ဆရာဝန်တစ်ဦးက အသက်မပြည့်သေးသည့် လူနာ အမျိုးသမီးငယ်တစ်ဦးကို ကာမရယူသည်ဟု သတင်းထွက်ပေါ်လာခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း မကွေးတိုင်း ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက ပြောကြားသည်။

ပခုက္ကူမြို့စောင့် ဘီလူးဆိုသည့် လူမှုကွန်ရက်စာမျက်နှာမှ “မိဘအုပ်ထိန်းမှု အောက်တွင်ရှိသေးသည့် အသက်မပြည့်သေးသူ လူနာအမျိုးသမီးငယ်ကို ကာမဖြင့် ဖြားယောင်း၍ ပခုက္ကူဆေးရုံ ဆရာဝန်များ နားနေခန်းအတွင်း မလျော်ဩဇာသုံး ဖျက်ဆီးခဲ့သော ဆရာဝန်၏ အပြစ်သည် ဤမျှ (ဆေးရုံပြောင်း တာဝန်ပေးခြင်း) နှင့် နိဋ္ဌိတံရုံမျှဖြင့် မလုံလောက်ပါ။ ကာယကံရှင်အမျိုးသမီးငယ်နှင့် နစ်နာသူမိသားစု၏ ဂုဏ်သိက္ခာသည် သိန်း ၅၀ တည်းဟူသော လျော်ကြေးသည် လုံလောက်မျှတသည်ဟုလည်း မယူဆပါ”ဟု ရေးသားဖော်ပြခဲ့သဖြင့် အဆိုပါဖြစ်စဉ်များကို တာဝန်ရှိသူများက စစ်ဆေးနေကြောင်း ဒေါက်တာမိုးဆွေက ပြောကြားသည်။

အဆိုပါဖြစ်စဉ်သည် ပခုက္ကူဆေးရုံမှ တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ မမှန်ကန်ကြောင်းနှင့် တိုင်းအဆင့်အနေနှင့် ရေစကြို မြို့နယ်ဆေးရုံအုပ်ကြီး ဦးဆောင်ကာ ထပ်မံစစ်ဆေးနေကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ဆီကို တက်လာတာ ဘာမှမရှိသေးဘူး။ တရားဝင် တင်ပြထားတာလည်း ဘာမှမရှိသေးဘူး။ ဆရာဝန်တစ်ယောက်အနေနဲ့ ကျင့်ဝတ်ဖောက်ဖျက်ခြင်းရှိမရှိ စစ်ဆေးနေပါတယ်။ စုံစမ်းစစ်ဆေးချက်အရတော့ ဆရာဝန်တစ်ယောက်အနေနဲ့ မုဒိမ်းကျင့်တာလည်း မရှိပါဘူး။ ဆရာဝန်နဲ့ လူနာက ဌာနထဲမှာ မှောက်မှားတဲ့ကိစ္စလည်း မရှိပါဘူး”ဟု ဒေါက်တာမိုးဆွေက ပြောဆိုသည်။

ဆရာဝန်နှင့် လူနာမှာ ဆေးရုံပြင်ပတွင် မှောက်မှားမှုရှိနိုင်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားနေကြသကဲ့သို့ ကျပ်သိန်း၅၀ လျော်ကြေးပေးရခြင်းကိုလည်း မသိကြောင်း၊ ပြဿနာဖြစ်ပွားခဲ့သူဟုဆိုသည့် ဆရာဝန်ကို ပခုက္ကူဆေးရုံကြီးမှ အောင်လံဆေးရုံကြီးသို့ ခေတ္တပြောင်းရွှေပေးခြင်းမှာလည်း အဆိုပါဆေးရုံတွင် လူနာများပြားပြီး ဆရာဝန်အင်အား နည်းခြင်းကြောင့်သာဖြစ်ကြောင်း ဒေါက်တာမိုးဆွေက ရှင်းလင်းပြောကြားသည်။

ထို့ပြင် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မမှန်မကန်ရေးသားသူများကို တရားစွဲဆိုရန် ပခုက္ကူဆေးရုံအုပ်ကြီး ဒေါက်တာမြတ်မြတ်မိုးကို တာဝန်ပေးထားကြောင်း ၎င်းက ဆိုသည်။

“အခုထွက်နေတဲ့ သတင်းအရ ကျိတ်လုပ်နေတဲ့ သဘောဆိုတော့ ကျွန်တော်တို့က မသိဘူးလေ။ တရားဝင်တော့ ဘယ်သူမှ လာမပြောသေးဘူး။ အခုမှ သတင်းက ထွက်လာတာ။ ချင့်ချိန်သုံးသပ်ပြီး ဘယ်လိုဝင်ရမယ်ဆိုတာ စဉ်းစားနေတယ်။ ဆေးရုံသွားပြီးတိုက် ရိုက်စုံစမ်းဖို့ လုပ်နေပါတယ်”ဟု ပခုက္ကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်းက ပြောကြားသည်။ 

R-23


  • VIA